၂၁ ရာစု ပင်လုံညီလာခံ ၀ နှင့် မိုင်းလား ကြိုဆိုထောက်ခံ


ပင်လုံစိတ်ဓါတ်ကို အခြေခံ၍ တည်ဆောက်မည့် ၂၁ ရာစု ပင်လုံညီလာခံမှာ လုံခြုံမှုနှင့် လွတ်လပ်မှုပေးနိုင်သည့် ခိုင်မာသော ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေးကြမည့် အရေးကြီးသော ပထမ ခြေလှမ်း ဖြစ်

နေပြည်တော် ဇူလိုင် ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် “၀” အထူး ဒေသ(၂)မှ “၀” ပြည်သွေစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရိုအမြဲတမ်း ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့်အဖွဲ့ဝင်များ၊ အထူး ဒေသ(၄)မိုင်းလား ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့်အဖွဲ့ဝင်များအား ယနေ့နံနက် (၉)နာရီ ၄၅မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးမိုးဇော်ဦးတို့ တက်ရောက် ကြသည်။

ပထမဦးစွာ တက်ရောက်လာကြသူများအား တစ်ဦးချင်း မိတ်ဆက်ခြင်း ပြုလုပ်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်တွင်းငြိမ်းချမ်းရေးအတွင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထိုသို့ ပြောကြားရာတွင် ပင်လုံစိတ်ဓါတ်ကို အခြေခံ၍ တည်ဆောက်မည့် ၂၁ ရာစု ပင်လုံညီလာခံမှာ လုံခြုံမှုနှင့် လွတ်လပ်မှုပေးနိုင်သည့် ခိုင်မာသော ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေးကြမည့် အရေးကြီးသော ပထမ ခြေလှမ်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ဝ အထူးဒေသ(၂) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးပေါက်ယူယိနှင့် ဦးကျောက်ကော်အန်းတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ရပ်တည်ချက် သဘောထားများကို ရှင်းလင်းပြောကြားသည်။

၎င်းနောက် အထူးဒေသ(၄) မိုင်းလား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းက ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ဝ အထူးဒေသ (၂)နှင့် အထူးဒေသ (၄) မိုင်းလား နှစ်ဖွဲ့စလုံးက မကြာခင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကို ကြိုဆိုထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေး ပြောကြားပြီး ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆက်လက် ဆွေးနွေးကြရာတွင် ရင်ထဲရှိသည့်အတိုင်း မခြွင်းမချန် ဆွေးနွေးညှိနှိုင်းကြရန် မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးပေါက်ယူယိနှင့်အဖွဲ့ဝင်များ၊ ဦးစိုင်းလင်းနှင့်အဖွဲ့ဝင်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။


၎င်းနောက် ဝ အထူးဒေသ (၂)နှင့် အထူးဒေသ (၄) မိုင်းလား ကိုယ်စားလှယ်အဖွဲ့များက အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

နေ့လည်စာစားပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “၀” အထူးဒေသ (၂)နှင့် အထူးဒေသ(၄)မိုင်းလားမှအဖွဲ့ဝင်များ၊ လူငယ်များနှင့် အမျိုးသမီးငယ်များ တစ်ရာကျော်အား တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ “၀”အထူးဒေသနှင့် မိုင်းလားအထူးဒေသတို့မှ လူငယ်များအပြားလာရောက်တွေ့ဆုံသည်ကို တွေ့မြင်ရ သည်မှာ ပြည်ထောင်စု၏အင်အားကို ပြသခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးငယ်များပါဝင် သည့်အတွက် အထူးပင်ဝမ်းသာပါကြောင်း၊ ငြိမ်းချမ်းရေး ကြိုးပမ်းနေခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် ကြိုးပမ်းပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် လူငယ်များ၏အခန်းကဏ္ဍ မှာ အရေးကြီးပါကြောင်း၊ ကမ္ဘာ့လူဦးရေတစ်ဝက်မှာ အမျိုးသမီးငယ်များဖြစ်ပါကြောင်း၊ တိုင်းရင်းသားအမျိုးသမီးငယ်များအနေဖြင့် ငြိမ်းချမ်းရေးကို အင်တိုက်အားတိုက် ပါဝင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ လူငယ်ဆိုသည်မှာ မိမိတို့နိုင်ငံ၏ အနာဂတ်ပင် ဖြစ်ပါကြောင်း၊ မကြာခဏ ဆိုသလိုပင် လူငယ်များအနေဖြင့် လူကြီးများမစွမ်းဆောင် နိုင်သည့်ကိစ္စကို စွမ်းဆောင်နိုင်ပါကြောင်း၊ လူငယ်များအနေဖြင့် စာမျက်နှာ သစ်ပေါ်တွင် ဆောင်ရွက်နိုင်သည့် အခွင့်အရေးနှင့် အရည်အချင်းတို့မှာ များပြားပါ ကြောင်း၊ မိမိတို့ပြည်ထောင်စုသည် တစ်ကယ်ပင် ညီညီညွတ်ညွတ် ခိုင်ခိုင်ခန့်ခန့်ဖြင့် အေးချမ်းသာယာရမည်ဖြစ်ကြောင်း၊ သည့်အတွက် လူငယ်များအကြားတွင်လည်း ကူးလူးဆက်ဆံမှုများရှိရမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံရှိ လူငယ်များအနေဖြင့် ကိုယ့်ပြည်နယ်တွင်သာမက ပြည်ထောင်စု တစ်ဝန်းရှိ ဒေသများသို့လည်း သွားရောက်လည်ပတ်ပြီး လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်ထောင်စု တစ်ဝန်း၌ ရှိကြသည့် ပြည်သူပြည်သားအများစုမှာ တိုင်းရင်းသားများ၏ဘ၀နှင့် မကွာ ဟပါကြောင်း၊ လူငယ်များအတွက် အရေးကြီးဆုံးမှာ ပညာရေးနှင့်ကျန်းမာရေးပင် ဖြစ်ပါ ကြောင်း၊ အခုတိုင်းရင်းသားလူငယ်များကို တွေ့ဆုံရသည်မှာ ကျန်းကျန်းမာမာ ရှိကြပါကြောင်း၊ ကျန်းမာရေးချို့တဲ့မှုမှာ မျက်စိဖြင့်တွေ့မြင့်နိုင်သော်လည်း ပညာရေးချို့ တဲ့မှုကို ကြည့်၍မမြင်နိုင်ပါကြောင်း၊ ပညာရေးချို့တဲ့မှုမှာ မိမိတို့နိုင်ငံ၏အနာဂတ် အတွက် ကျန်းမာရေးလောက်အရေးကြီးပါကြောင်း၊ မိမိတို့၏ ပညာရေးစနစ်သည် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ပြည်ထောင်စုတိုးတက်ရေး၊ ညီညွတ်ရေး အခြေခံဖြစ်စေ မည့် ပညာရေးစနစ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးကိစ္စများသည် အားလုံးပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်သည့်အတွက် ယခုလူငယ်များအနေဖြင့် မေးမြန်းလိုသည်များရှိပါက မေးမြန်းနိုင်ပါကြောင်းပြောကြားသည်။

၎င်းနောက် မေးမြန်းမှုများကို ပြန်လည် ရှင်းလင်း ဖြေကြားပြီး တင်ရောက်လာကြသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြသည်။

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင်သည် ဝ အထူးဒေသ(၂) နှင့် အထူးဒေသ (၄) မိုင်းလားတို့နှင့် အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
၂၁ ရာစု ပင်လုံညီလာခံ ၀ နှင့် မိုင်းလား ကြိုဆိုထောက်ခံ  ၂၁ ရာစု ပင်လုံညီလာခံ ၀ နှင့် မိုင်းလား ကြိုဆိုထောက်ခံ Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.