ထန်ခေါ်လန်မကျေးရွာတွင် ကူးစက်ရောဂါကြောင့် လူ ၁၈ ဦးသေဆုံး

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ရုံးစိုက်ရာ လဟယ်မြို့ မြင်ကွင်း ။ ဓါတ်ပုံ - Nok Tun (fb)
လဟယ် ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် ထန်ခေါ်နောက်ကုန်းအုပ်စု ထန်ခေါ်လန်မကျေးရွာတွင် ဇွန် ၆ ရက်မှစ၍ ဖျားနာ ခြင်း၊ မျက်စိနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှော စသော ရောဂါနှင့် အခြားရောဂါများကြောင့် ကလေး ငယ်များနှင့် လူကြီးအချို့ သေဆုံးလျက်ရှိကြောင်း သတင်းရရှိသည့်အတွက် အဆိုပါကျေးရွာသို့ ကားရော်နောက်ညူ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဆွေဆွေအောင်က ကွင်းဆင်း ကုသခဲ့သည်။

သို့သော်လည်း လူနာများပြားခြင်း၊ အပူဖုထွက် ခြင်း၊ ရောဂါလက္ခဏာများဖြစ်ပွား ၍ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသဖြင့် နာဂဦးစီးအဖွဲ့ဝင် ဦးကာစီရန်း ဦးဆောင်သော လဟယ်မြို့နယ် တိုက်နယ် ဆရာဝန် ဒေါက်တာ ကျော်စံဝင်း၊ ကျန်းမာရေးမှူး ဦးမျိုးသန့်၊ ဓာတ်ခွဲမှူး ဦးအောင်မျိုးထက်တို့သည် ဇူလိုင် ၂၄ ရက်က လဟယ်မြို့မှ အဆိုပါ ဖြစ်ပွားရာကျေးရွာသို့ သွားရောက် ကုသပေးခဲ့သည်။

အဆိုပါကျေးရွာတွင် လူနာပေါင်း ၁၆၂ ဦး ကွင်းဆင်းကုသပေးခဲ့ပြီး သေဆုံးသူ ၁၈ ဦးရှိရာ၊ အသက် ၂၂ နှစ်မှ ၉၄ နှစ်ကြား ငါးဦး၊ ကလေးငယ် (၁နှစ်)မှ ၁၂ နှစ်ကြား ၁၃ ဦးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန ၏ ပြောပြချက်အရ သိရသည်။

ရှားဆက်(လဟယ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ထန်ခေါ်လန်မကျေးရွာတွင် ကူးစက်ရောဂါကြောင့် လူ ၁၈ ဦးသေဆုံး  ထန်ခေါ်လန်မကျေးရွာတွင် ကူးစက်ရောဂါကြောင့် လူ ၁၈ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.