ဆိုင်ကယ်အားနောက်မှ ကျော်တက်စဉ် မော်တော်ယာဉ် နောက်ဘီးဖြင့် ကြိတ်မိသဖြင့် လူသေဆုံးမှုဖြစ်ပွား


ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ဖလပ်ဈေးဟောင်းလမ်းထိပ်တွင် ဇူလိုင် ၂၆ ရက်နေ့၊ ညနေပိုင်းက အမှတ် ၅ တပ်မတော်ကုတင် ၃၀၀ ဆံ့ဆေးရုံအတွက် အောက်ဆီဂျင်ဘူးများသယ်ဆောင်လာသော မော်တော်ယာဉ်သည် ရှေ့မှဆိုင်ကယ်အား ကျောက်တက်စဉ် ဆိုင်ကယ်မောင်းသူကို ကားနောက်ဘီးဖြင့်ကြိတ်မိကာ လူသေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်၊ ညနေ ၆.နာရီခွဲအချိန်က ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ဖလပ်ဈေးဟောင်းလမ်းထိပ်၊ ပြင်ဦးလွင်လ္ဘက်ရည်ဆိုင်ရှေ့၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၆၈/၀ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးတင်ဖေမှဖုန်းဖြင့်အကြောင်းကြားလာသဖြင့် ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲအုပ်တင့်လွင်ဦးဆောင်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။


ဖြစ်စဉ်မှာ သထုံဘက်မှမော်လမြိုင်ဘက်သို့မွန်ချမ်း (၄၂) နှစ်၊ (ဘ)ဦးဗလိုင်မွန်၊ နန်းဗိုလ်လင်းဘုန်းကြီးကျောင်း၊ ကတွန်ကျေးရွာ၊ ပေါင်မြို့နယ်နေသူမောင်းနှင်လာသည့် ဆိုင်ကယ်အမှတ် (၅ယ/၇၀၈၀၅) HONDA Wave 100 ခဲရောင်ကို လားရာတူယာဉ်ကြောမှ မောင်းနှင်လာသော ယာဉ်မောင်း တ/၅၄၃၅၀ ၊ ဒုတပ်ကြပ်သန့်ဇင် ၃၇ နှစ်၊ (ဘ)ဦးစိုးသန့်၊ ကော့ခနိကျေးရွာ၊ ထပရ ၅၂၅ မော်လမြိုင်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် ၂၈၁၁(ဗ)၊ FAW အမျိုးအစား စစ်စိမ်းရောင်ယာဉ်က ကျော်တက်စဉ် မော်တော်ယာဉ်၏ယာဘက်ခြမ်းနှင့် ဆိုင်ကယ်၏ ဝဲဘက်နောက်ကြည့်မှန်ဖြင့်ချိတ်မိကာ ဆိုင်ကယ်တိမ်းမှောက်ပြီး ဆိုင်ကယ်မောင်းနှင်သူ မွန်ချမ်းမှာ ဝဲနားထင်ပွန်းပဲ့ဒဏ်ရာ၊ ပေါင်ခွကြားမှဝဲဘက်ဗိုက်ပွင့်၍ အူများထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

"ဘေးကလူတွေပြောတာကတော့ ဆိုင်ကယ်သမားက အရက်သောက်ထားတယ် ပြောတယ်။ မောင်းတာကလည်း ရမ်းနေတယ်တဲ့။ ကားကနောက်ကလိုက်ကျော်တော့ ဆိုင်ကယ်ဘယ်ဘက် ဘက်မှန်နဲ့ကားချိတ်ပြီး လဲကျပြီး ကားနောက်ဘီးနဲ့တက်ကြိတ်တာပါ။ လောလောဆယ်တော့ ကားသမားကိုအမှုဖွင့်ထားပါတယ်။ တပ်မတော်သားတယောက်ဖြစ်တော့ အရပ်ဖက်တရားရုံးက တရားစွဲလို့မရပါဘူး။ တပ်ကိုပဲအမှုလွှဲပြောင်းပေးသွားမှာပါ"ဟု ရဲအုပ်တင့်လွင်မှ News Watch သို့ ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းဒုတပ်ကြပ်သန့်ဇင်အား အရေးယူပေးပါရန် ရဲအုပ်တင့်လွင်မှတရားလိုပြုလုပ်တိုင်ကြားသဖြင့် ပေါင်မြို့မရဲစခန်းမှ ယာဉ်(ပ)၄၈/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)ဖြင့် အမှု့ဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဆိုင်ကယ်အားနောက်မှ ကျော်တက်စဉ် မော်တော်ယာဉ် နောက်ဘီးဖြင့် ကြိတ်မိသဖြင့် လူသေဆုံးမှုဖြစ်ပွား  ဆိုင်ကယ်အားနောက်မှ ကျော်တက်စဉ် မော်တော်ယာဉ် နောက်ဘီးဖြင့် ကြိတ်မိသဖြင့် လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:25 Rating: 5
Powered by Blogger.