အာဖဂန်နစ္စတန် အနောက်ဘက်ပိုင်း၌ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်၍ စစ်သွေးကြွ ၂၅ ဦးသေဆုံး


ဇာရန့်ခ်ျ ဇူလိုင် ၃ဝ

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း နီမိုရက်ဇ်ပြည်နယ်တွင်း၌ ခိုအောင်းနေသည့် စစ်သွေးကြွများအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ အုပ်စုတစ်စုမှ တပ်မှူးတစ်ဦးအပါအဝင် သောင်းကျန်းသူ ၂၅ ဦး သေဆုံးသွားကြောင်း နိုင်ငံအနောက်ပိုင်းဒေသတွင် အခြေပြုထားသည့် အာဖဂန်စစ်ဘက်က ဇူလိုင် ၃ဝ ရက်တွင် ပြောကြားသည်။

ယင်းလေကြောင်းမှ တိုက်ခိုက်မှုကို အဆိုပါပြည်နယ်တွင်းရှိ ချာဘိုရက်ဇ် ခရိုင်တွင် ဇူလိုင် ၃ဝ ရက် နံနက်အစောပိုင်းက ပြုလုပ်ခဲ့ကြောင်း၊ သေဆုံးသွားသည့် စစ်သွေးကြွများထဲတွင် စစ်သွေးကြွအုပ်စု၏ တပ်မှူး ဟာဖစ် ဂူလမ် ပါဝင်ကြောင်းနှင့် လေကြောင်းစီးနင်းတိုက်ခိုက်မှုကြောင့် တာလီဘန်အဖွဲ့မှ မော်တော်ယာဉ်လေးစီးပျက်စီးသွားကြောင်း အာဖဂန်စစ်ဘက်က ပြောကြားသည်။

မောင်းသူမဲ့လေယာဉ်များအသုံးပြု၍ စစ်သွေးကြွများအား တိုက်ခိုက်ခြင်းသည် ၎င်းတို့ အသေအပျောက်များပြားသည်ကို သက်သေပြနိုင်ကြောင်း၊ အာဖဂန်အစိုးရတပ်ဖွဲ့များသည် တာလီဘန်စစ်သွေးကြွအုပ်စုများကို တိုက်ခိုက်ရာတွင်နှင့် ၎င်းတို့ပုန်းအောင်းနေသည့် တိုက်ပွဲဖြစ်ပွားရာနေရာများကို တိုက်ခိုက်ရာတွင် မောင်းသူမဲ့လေယာဉ်များကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုသွားမည်ဟု အာဖဂန်အစိုးရလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

တာလီဘန်စစ်သွေးကြွများသည် အိမ်နီးချင်း ဖာရာနှင့် ဟီရတ်ပြည်နယ်များနှင့် နီမိုရက်ဇ်ပြည်နယ်၏ အစိတ်အပိုင်းအချို့တွင် လှုပ်ရှားနေပြီး ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အာဖဂန်နစ္စတန် အနောက်ဘက်ပိုင်း၌ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်၍ စစ်သွေးကြွ ၂၅ ဦးသေဆုံး  အာဖဂန်နစ္စတန် အနောက်ဘက်ပိုင်း၌ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်၍ စစ်သွေးကြွ ၂၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.