ထိုင်းမှာ မြန်မာမုန်းတီးရေး လှုံ့ဆော်မှုတွေရှိကြောင်းပြော

ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စောင်းဆိုင်းနေတဲ့ အလုပ်သမားတွေကို ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေ မှာ မြန်မာမုန်းတီးရေးကို လှုံ့ဆော်မှုတွေရှိနေတဲ့အတွက် မြန်မာအလုပ်သမားတွေအနေနဲ့ သတိထားသွား လာကြဖို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာတွေကို မြန်မာပြည် ပြန်ပို့သင့်ကြောင်းနဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်ကြောင်း စတဲ့လှုံ့ဆော်မှုတွေ ပျံ့နှံ့နေတဲ့အတွက် သတိပေးတာဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းစာသင်ကျောင်းတွေမှာ ဆရာ ဆရာမတွေကလည်း မြန်မာကျောင်းသား ကျောင်းသူတွေကို လူစုလူဝေးနဲ့ မနေကြဖို့ သတိပေးတာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာရေလုပ်သားတွေကိုလည်း အလုပ်ရှင်တွေက အလုပ်ထုတ်ပယ်တာတွေ ရှိနေတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ အိမ်ဖော်လုပ်ငန်းနဲ့  ရေ လုပ်ငန်းတွေရဲ့ အောက်ခြေသိမ်း အလုပ်နေရာတွေမှာသာ ထိုင်းအစိုးရက တရားဝင်လုပ်ကိုင်ခွင့်ပေးထားပြီး စကားပြန်၊ မန်နေဂျာ စတဲ့အလုပ်တွေမှာ တရားဝင် လုပ်ကိုင်ခွင့်ပြုထားတာ မရှိတဲ့အတွက်  စတင်အရေးယူ တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြဿနာကြုံတွေ့လာရင် ဆက်သွယ်နိုင်ဖို့ မြန်မာသံရုံးရဲ့ အရေးပေါ်ဖုန်းလိုင်းနံပါတ်တွေကိုလည်း ထုတ်ပြန်ပေးထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လကုန်လောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် အပြီး နှစ်နိုင်ငံအစိုးရအကြား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ခံစားခွင့်ရရှိရေးနဲ့ပတ်သက်တဲ့ သဘောတူညီမှုတွေ ရရှိခဲ့သလို မြန်မာအလုပ်သမားတွေ ဘက်ကလည်း မျှော်လင့်ချက်တွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပြီးမှာ အခုလိုမြန်မာလူမျိုး မုန်းတီးရေး လှုံ့ဆော်မှုတွေ ရှိလာတာဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက သုံးသပ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/
ထိုင်းမှာ မြန်မာမုန်းတီးရေး လှုံ့ဆော်မှုတွေရှိကြောင်းပြော ထိုင်းမှာ မြန်မာမုန်းတီးရေး လှုံ့ဆော်မှုတွေရှိကြောင်းပြော Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.