ယိုးချောင်းတွင် ဆယ်နှစ်အောက်ကလေးများ ရောဂါဖြစ်ပွားမှု အခြေအနေ စိုးရိမ်ရ

ဓာတ်ပုံ / ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအုပ်စု ပညာဝ ကျေးရွာမှ မိသားစု တစ်စု၏ လူနေမှုဘ၀ အားတွေ့ရစဉ်
ရခိုင်ဂေဇက် ၊ ဇူလိုင် ၂၃

ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသတွင်တည်ရှိသော သလူချောင်းကျေး ရွာအုပ်စုတွင် အသက် ၁၀ နှစ်အောက်ကလေး များ ရောဂါဖြစ်ပွားနေမှုမှာ စိုးရိမ်ရသည့် အခြေအနေ သို့ ရောက် ရှိနေကြောင်း ဒေသ ခံများ ကျေးရွာသား များက ပြောသည်။

သလူချောင်းကျေးရွာနေ ဦးမောင်နီက “ အခုဖြစ်နေတာ တုတ်ကွေးလား ၊ ကူးစက်ရောဂါလား ဆိုတာ တော့ မသိဘူး။ ဖြစ်နေတာက ကလေးတွေ ဖျားတယ်။ တစ်ရက်နှစ်ရက် ဆို ပြန်ကောင်းတယ်။ ပြန်ဖျား တယ် ။ တော်တော် စိုးရိမ် ရတယ်။ ဆယ်နှစ်အောက်ကလေး တွေက အိမ်တိုင်းမှာ ဖြစ်နေတယ်။ တစ်အိမ်မှာ ကလေး ၃ ယောက်ရှိရင် ၃ ယောက်လုံး ဖြစ်တယ်။ တချို့က ရွာမှာ ကုတယ်။ အခြေအနေဆိုးလို့ ကန်စောက် ဆေးရုံကိုပို့ နေရတာလည်း ရှိတယ် ” ဟုပြောသည်။

ယင်းသို့ ရောဂါဖြစ်ပွားခြင်းသည် ယခုလအတွင်း ဖြစ်ပွား ခဲ့သော ရေကြီးနစ်မြုပ် မှုနောက်ပိုင်း တွင် ကလေးများ ရောဂါ ကျရောက်ရခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် ကလေးများ ရောဂါဖြစ်ပွား မှုအခြေအနေမှာ တဖြည်းဖြည်း များပြား လာနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသလူချောင်းကျေးရွာအုပ်စု ပညာဝ ကျေးရွာတွင်လည်း ကလေးများ အိမ်တိုင်းလိုလို အဖျားရောဂါ ကျရောက်နေပြီး ၊ ပညာဝကျေးရွာတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင် စခန်များမှ ကလေးများမှာလည်း ရောဂါ ပိုမို ဖြစ်ပွားနေကြောင်း ပညာဝ ကျေးရွာနေ ဦးစောမောင်က ဆိုသည်။

ဦးစောမောင်က “ ကျွန်တော်တို့ ရွာမှာ ကလေးတွေ ဖျားနေတာ။ အခုဆို ရက်ပေါင်း ၁၀ ကျော်လောက်ရှိပြီ။ အိမ် တစ်အိမ်မှာ ကလေး ၃ ယောက်ရှိရင် ၃ယောက် လုံး ဖြစ်တယ်။စစ်ဘေးရှောင် စခန်းက ကလေးတွေဆို ပို ဖြစ်ကြတယ် ” ဟုပြောသည်။

အဆိုပါ ယိုးချောင်းဖျားဒေသ သလူချောင်း ကျေးရွာ အုပ်စု အတွင်း ခမောင်း ၊ ကင်ပိ ၊ တဲဝ ၊ သိန်းချောင်း ၊ လေကွိ ၊ ကျွန်းသာယာ ၊ င/စရိုင်းကိုင်း ၊ ပညာဝ ၊သလူချောင်း ၊ လမုကိုင်း ၊ ငစွေ ၊ ချင်းမ၀န်တောင်း ၊ ပါချေ ၊ ခရုချောင်း ၊ ခရု သစ် ၊ တောင်ပေါက် ၊ ဖက်ဝန်းချောင်း စသည့်ကျေးရွာများတွင်လည်း ဆယ်နှစ် ကလေး များ ရောဂါဖြစ်ပွားနေခြင်းမှာ စိုးရိမ်ရသည့် အခြေအနေ တွင် ရောက် ရှိသေးသောကြောင့် သက်ဆိုင်ရာ ကျန်းမာရေး ဌာနများမှ ကွင်းဆင်းကု သမှု များ ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ၊ ယင်းဒေသသည် ရခိုင် ၊ ခမီ ၊ မြို တိုင်းရင်းသားများ နေထိုင်သော ဒေသ တစ်ခု ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
ယိုးချောင်းတွင် ဆယ်နှစ်အောက်ကလေးများ ရောဂါဖြစ်ပွားမှု အခြေအနေ စိုးရိမ်ရ  ယိုးချောင်းတွင် ဆယ်နှစ်အောက်ကလေးများ ရောဂါဖြစ်ပွားမှု အခြေအနေ စိုးရိမ်ရ Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.