မီးဖွားစဉ် သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိမှာ တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်


မြန်မာနိုင်ငံမှ အမျိုးသမီးအများအပြား အနေဖြင့် ကလေးအရေအတွက် မည်မျှ မွေးဖွားမည်၊ မည်သည့်အချိန်တွင် မွေးဖွားမည်တို့ကို ဆုံးဖြတ်ရန်မှာ ခက်ခဲလျက်ရှိနေသေးသည်။ နိုင်ငံအတွင်း အရွယ်ရောက်ပြီး မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်ရှိ အမျိုးသမီး ထက်ဝက်ခန့်မှာ ခေတ်မီ သန္ဓေသားနည်းလမ်းများကို လက်လှမ်းမီခြင်းမရှိဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ နောက်ဆုံးထုတ် စာရင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန် ဖျက်ချခြင်းအား မိခင်၏ အသက်ကို ကယ်တင်ရန် လိုအပ်ချိန်မှအပ ပြုလုပ်ခွင့်မရှိဘဲ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။ သန္ဓေသား နည်းစနစ်များအား အသုံးပြုနိုင်မှု နည်းပါးခြင်းကြောင့် အန္တရာယ်ရှိသော တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းများ ဖြစ်ပေါ်စေကာ မီးဖွားမှုနှင့် ပတ်သက်သည့် သေဆုံးနှုန်း မြင့်မားစေသည့် အဓိက အကြောင်းရင်း တစ်ခု ဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ မီးဖွားမှုအကြိမ် တစ်သိန်းတွင် သေဆုံးနှုန်း နှစ်ရာခန့်ရှိပြီး ဒေသတွင်း အမြင့်ဆုံးနှုန်းဖြစ်သည်။

မီးဖွားစဉ် သေဆုံးနှုန်းကို လျှော့ချရန်နှင့် မိသားစု စီမံကိန်း ၂၀၂၀ ရည်မှန်းချက် ကို ဖြည့်ဆည်းရန် ရည်ရွယ်၍ မြန်မာအစိုးရသည် လက်ရှိ သန္ဓေတားနည်းအသုံးပြုမှုနှုန်း ၄၁ ရာခိုင်နှုန်းအား လေးနှစ်အတွင်း ၆၀ ရာခိုင်နှုန်း အထိ မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ တာရှည်ခံ သန္ဓေတားနည်းများနှင့် ကျေးလက်ဒေသများထံ ဖြန့်ဝေခြင်းတို့ကို ပေါင်းစပ်၍ အသုံးပြုနှုန်း တိုးတက်ရန် ဆောင်ရွက်မည်ဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဌာန မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး ဌာန ညွှန်မှူး ဒေါက်တာ လှမြင့်သွေးအိန္ဒြာက “မိသားစုစီမံကိန်း အစီအစဉ် ပိုမိုကောင်းမွန် တိုးတက်ဖို့ ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ အမျိုးသမီးတွေက ဗဟုသုတရှိပေမယ့် အသုံးပြုဖို့ လက်လှမ်းမမီတဲ့ ပြသနာရှိနေပါတယ်” ဟု ပြောကြား သည်။ မီးဖွားစဉ် သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိမှာ တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

အစိုးရသည် ယခုအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် UNFPA အပြင် MSI နှင့် PSI တို့ အပါအ၀င် အခြားအန်ဂျီအိုများနှင့် ပူးပေါင်းကာ တာရှည်ခံ သန္ဓေတားနည်းစနစ်များအား ပြည်သူ့ကျန်းမာရေးဌာနများမှတစ်ဆင့် ဖြန့်ဝေနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ မြို့စွန်ဒေသများရှိ ဆင်းရဲသား အမျိုးသမီးများ၊ ဝေးလံခေါင်သီသော ဒေသရှိ လူနည်းစု တိုင်းရင်းသား အမျိုးသမီးများ စသည့် သန္ဓေတားနည်း ပညာ အဓိကလိုအပ်နေသူများထံ မတူညီသော နည်းစနစ်များ ဖြန့်ဝေပေးခြင်းဖြင့် အန္တရာယ်များသော တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းအား လျှော့ချနိုင်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

မတူညီသော သန္ဓေတားနည်းများ အသုံးပြုနိုင်ေးမှာ လက်ရှိ ရင်ဆိုင်နေရသော ပြသ၁နာများထဲမှ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အသုံးပြုရန် လိုအပ်နေသူများ၊ ထိုနည်းစနစ်များကို လက်လှမ်းမီစေရေးက ပိုမိုခက်ခဲသော လုပ်ငန်းဖြစ်နေသည်ဟု ဆိုသည်။ မြန်မာ့လူဦးရေ သုံးပုံနှစ်ပုံသည် မိသားစုစီမံကိန်းများ ဆောင်ရွက်ခြင်း မရှိသည့် ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိသည်။ နိုင်ငံအတွင်း ကျွမ်းကျင်ကျန်းမာရေး သားဖွားဝန်ထမ်း မလုံလောက်မှုကြုံနေရပြီး သန္ဓေတားဆေး အပါအ၀င် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ ပြတ်လပ်ခြင်း မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် နယ်စပ်ဒေသများရှိ ပဋိပက္ခဒေသများတွင် လုံခြုံရေး စိုးရိမ်ရမှုများရှိသဖြင့် မိသားစုစီမံကိန်းများအား နိုင်ငံအနှံ့ ပြုလုပ်ရန် အခက်တွေ့စေသည်။ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ကိုယ်စားလှယ် ဒေါက်တာလှလှအေးက “တစ်ခါတစ်ရံ ပစ္စည်းတွေရှိပေမယ့် ပို့ဆောင်ပေးလို့ မရတာမျိုး ကြုံရပါတယ်” ဟု ပြောကြားသည်။

သို့သော် အကောင်းဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာမှုများ ရှိနေသည်ဟု ဒေါက်တာ လှလှအေးက ဆိုသည်။ ၁၉၉၀ ပြည့်လွန်ကာလများတွင် “မိသားစုစီမံကိန်း” ဆိုသည့် အသုံးအနှုန်းကိုပင် လက်မခံသူများရှိသဖြင့် ကွင်းဆင်းလုပ်ငန်း ဆောင်ရွက်သူများက “သားဆက်ခြားခြင်း” ဟု သုံးနှုန်းခဲ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ်တစ်ခုဖြစ်သော “မိသားစုစီမံကိန်း ၂၀၂၀” အား အစိုးရက ၂၀၁၃ တွင် လက်မှတ်မတိုင်မီ ၂၀၁၁ မှစတင်ကာ အစိုးရက မိသားစုစီမံကိန်းအစီအစဉ်များကို အားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ လှလှအေးက ပြီးခဲ့သည့် ဆယ်စုနှစ် သုံးစုအတွင်း မီးဖွားစဉ် သေဆုံးနှုန်းအား သိသာစွာ လျှော့ချနိုင်ခဲ့သည့် မလေးရှားနှင့် သီရိလင်္ကာနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံကို ဆောင်ရွက်စေလိုသည်ဟု ဆိုသည်။ “ဘယ်သူမှ နှစ်တိုင်း ကလေးမွေးနေတာမျိုး မဖြစ်ချင်ပါဘူး။ ဘ၀နေထိုင်မှု အဆင့်အတန်း အကြောင်း ပြောရမယ်ဆိုရင် မိသားစု အရွယ်အစား သေးတာက ပိုကောင်းပါတယ်” ဟု ဒေါက်တာ လှလှအေးက ပြောကြားခဲ့သည်။

“မီးဖွားစဉ် သေဆုံးမှုတိုင်းကို စစ်ဆေးသုံးသပ်ပြီး လိုအပ်ချက်တွေကို တုံ့ပြန် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှ နောက်ထပ် သေဆုံးမှုတွေကို ကာကွယ်နိုင်မှာပါ” ဟု ဒေါက်တာ လှလှအေးက ပြောကြားသည်။ မိသားစုအတွင်း ကလေးဦးရေ နည်းပါးခြင်း၏ အကျိုးကျေးဇူးကို မြန်မာအမျိုးသမီးများက နားလည်သဘောပေါက်မှု ရှိသည်ဟု ကျန်းမာရေး ကျွမ်းကျင်သူများက ဆိုသည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies

မီးဖွားစဉ် သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိမှာ တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်  မီးဖွားစဉ် သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိမှာ တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ် Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.