ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းဖူးတောင်ပေါ်ရှိ ရေဘေးရှောင် ကျွဲ၊ နွား ၁၁ ကောင် ကျားကိုက် ခံရသဖြင့် သေဆုံး


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းဖူးတောင်ပေါ်တွင် ရေဘေးရှောင် ကျွဲ၊ နွား ၁၁ ကောင် ကျားကိုက် ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံရွာသားများ ၏ ပြောပြချက်အရ သိရှိရသည်။

မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာများ မှ ဒေသခံရွာသားများပိုင် ကျွဲ၊ နွား များအား ရေဘေးလွတ်သည့် မင်းဖူးတောင်ပေါ်တွင် လွှတ်ကျောင်းထားရာ ဇူလိုင် ၃ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့ အထိ ကျွဲ ခြောက်ကောင်နှင့် နွား ငါးကောင် စုစုပေါင်း ၁၁ ကောင်မှာ ကျားကိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“သေဆုံးနေတဲ့ ကျွဲ၊ နွားတွေရဲ့ လည်ပင်မှာ ကျားလက်သည်း ကုတ်ရာတွေနဲ့ ကျားကိုက်ရာတွေကို တွေ့ရတယ်။ ကျားဆိုတာ သေချာပါတယ်။ ကျားငယ် မျိုးဖြစ်တဲ့ အင်းကျားဖြစ်နိုင်တယ်။ ကျွဲရဲ့ပေါင်တွေကို ကိုက်စား ထားတယ်။ အခု ရွာက ကျွဲ၊ နွားပိုင်ရှင်တွေ သူ့တို့ ကျွဲနွားတွေကို တောင်အောက်ကို ပြန်ချဖို့ အတွက် တောင်ပေါ်မှာ လိုက်ရှာနေကြပါပြီ”ဟု ကုလားမတောင်ကျေးရွာမှ ဦးမောင်သိန်နုက ပြောသည်။

မင်းပြားမြို့နယ်တွင် ရေကြီးမူဖြစ်ပွားစဉ် ကုလားမတောင်၊တံခွန်တိုင်၊ ဒုံးသားစသည့် ကျေးရွာများမှာ ရွာလုံးကျွတ် ရေနစ်ခံရသဖြင့် ကျွဲ၊ နွား များအား ရေဘေးလွတ်ရာနှင့် အစားအစားအတွက် အနီးအနားရှိ မင်းဖူး တောင်ပေါ်တွင် ဒေသခံရွာသားများမှ လွှတ်ကျောင်းထားကြပြီး ကျွဲ၊ နွား ၂၀၀ ကျော်ရှိကြောင်း သိရသည်။

“ရေကြီးတုန်းမှာ ရွာသားတွေအားလုံးက ဒီမင်းဘူးတောင်မှာပဲ ကျွဲ၊ နွားတွေကို လွှတ်ပေးထားကြရတယ်။ အဲဒီတောင်က ရွာနဲ့ တစ်မိုင်လောက်ဝေးတယ်။ လူလည်း မနေကြပါဘူး။ အားလုံးက အန္တရာယ် ကင်းတယ်လို့ ထင်ပြီးသွား ထားကြတာပါ။ အခု ရေပြန်ကျတော့မှ ကျွဲ၊ နွားတွေ ကျားကိုက်ခံရတယ်ဆိုတာ သိတာပါ” ဟုတံခွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်မြင့်ကျော်က ပြောသည်။

လက်ရှိ အချိန်တွင် ဒေသခံရွာသားများ အနေဖြင့် စုပေါင်းကာ ကျွဲ၊ နွားများအား တောင်ပေါ်မှ ပြန်လည် ခေါ်ယူရန် လိုက်ရှာနေကြကြောင်း သိရသည်။

ယခုကဲ့သို့ ကျွဲ၊ နွားများ ကျားကိုက်ခံရကာ သေဆုံးမှုများဖြစ်ပေါ်နေသည့်အတွက် စပါးစိုက်ပျိုးချိန်လည်း ဖြစ်ခြင်းကြောင့်လယ်ယာထွန်ယက်ရန်အခက်အခဲဖြစ်ပေါ် လျက်ရှိကြောင်း ဒေသခံတို့ကဆိုသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းဖူးတောင်ပေါ်ရှိ ရေဘေးရှောင် ကျွဲ၊ နွား ၁၁ ကောင် ကျားကိုက် ခံရသဖြင့် သေဆုံး  ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းဖူးတောင်ပေါ်ရှိ ရေဘေးရှောင် ကျွဲ၊ နွား ၁၁ ကောင် ကျားကိုက် ခံရသဖြင့် သေဆုံး Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.