ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် သေဆုံးသွားသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု (၂၀) နှစ်အတွက် သက်ဆိုင်ရာမှ အရေးယူ ဖြေရှင်းခြင်းမရှိ


နိရဉ္စရာ၊ ဇူလိုင်လ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး၊ ပတ္တမြားမြို့သစ်ရှိ၊ ပတ္တမြားမှတ်တိုင်တွင် ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲဌာနမှ တစ်စုံတစ်ရာ အရေးယူမှု မရှိသလို ကားပိုင်ရှင်မှလည်း တစ်စုံတစ်ရာ ဖြေရှင်းခြင်း၊ လျော်ကြေးပေးခြင်း မရှိကြောင်း သတင်း ရရှိသည်။


ဇူလှိုင်လ ၂၆ ရက် နံနက်က မလှဦး၊ မသန်းယဉ်နှင့် မလှတင်နု တို့သည် မြောက်ဥက္ကလာပ မြို့နယ်ရှိ EMC စက်ရုံမှအလုပ်လျှောက်ပြီး (၁၃၀) ယာဉ်လိုင်း ဒိုင်နာကားနံပတ် ( Q-8340)စီးကာ ပြန်လာခဲ့ကြကြောင်း၊ ပတ္တမြားမြို့သစ်ရှိ၊ ပတ္တမြားမှတ်တိုင် အရောက်တွင် ကားပေါ်မှဆင်းကြရာ မလှဦးနှင့် မသန်းယဉ်တို့ နှစ်ဦးက ကားပေါ်မှ ဆင်းပြီးနောက် မလှတင်နု အဆင်းတွင် ကားမှာ ရုတ်တရတ် မောင်းထွက်သွားသောကြောင့် မလှတင်နုမှာ ကားပေါ်မှ ပြုတ်ကျပြီး နောက်စေ့ပွင့်ကာ အခင်း ဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အတူပါလာသူ မိန်းကလေးနှစ်ဦးဖြစ်ကြသည့် မလှဦးနှင့် မသန်းယဉ်တို့က အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြောသည်။


သေဆုံးသွားသူ မလှတင်နုမှာ (၂၀)နှစ်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုပ္ပီထောင့်ကျေးရွာနေ (ဘ)ဦးဘထွန်း၊ (မိ) ဒေါ်မဒုန်တို့ ၏ သမီးဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် တပ်ရင်း(၉)အနီးရှိ Tiger beer စက်ရုံနားတွင် ပြည်သူများက သော့ဖြုတ် ကားကို ထိုးရပ်ထားသော်လည်း ကားပိုင်ရှင်ဖြစ်သူ ဦးသန်းမြင့်မှ အမှု မပေါ်ပေါက်စေရန် ဖုံးဖိသည့်အနေဖြင့် ထိုကားကို ဝါယာရှော့တိုက် ကာမောင်းယူထွက်ပြေးသွားကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာရဲက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ အင်းစိန်မြို့မ ရဲစခန်း အမှတ်(၁)တွင် ယာဉ်အက် ဥပဒေ(ပ)၅၆ ပုဒ်မ ၃၀၄ က/၂၀၂ အရအမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲစခန်းမှ ရဲအုပ်ကိုဇော်ဇော်ထက် က ပြောဆိုသည်။

သေဆုံးသူ မလှတင်နု ဖခင် ဦးဘထွန်းအား ဆက်သွယ် မေးမြန်းရာ သူက " ဒီသမီးလေး လုပ်တာကိုပဲ မိဘတွေ အားကိုးနေကြရတာပါ။ သမီးလေးဆုံးသွားပြီဆိုတော့ သူများကိုလည်း ဒုက္ခမရောက်စေချင်ပါ။ အသက်တစ်ချောင်းအတွက် ပြေပြေလည်လည်ဖြစ်အောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြစေချင်ပါတယ်။ ဒါပေမယ့် ကားပိုင်ရှင်ဖက်က လာရောက် ညှိနှိုင်းမှု မရှိတာကိုတော့ အထူး စိတ်မကောင်ပါဘူး။ အမှန်အတိုင်း ဖြစ်အောင် ဝိုင်းဝန်း ကူညီးပေးကြပါလို့ ပြောချင်ပါတယ်" ဟု နိရဉ္စရာ သတင်းဌာနသို့ ဆိုသည်။

အမှုအတွက် ကူညီ ဆောင်ရွက်ပေးနေသည့် ဦးဇင်း ဦးသုဝဏ္ဏ က " ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်ကြဖို့ ပိုင်ရှင်က ပြောပေမယ့် ချိန်ထားတဲ့နေရာကိုသွားတော့ မရောက်လာခဲ့ပါဘူး။ ဒါဟာ အရေးမထား ဂရုမစိုက်ရာ ရောက်သလို တရားဥပဒေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ ခုတော့ တရားဥပဒေအတိုင်း ထိထိ ရောက်ရောက် ဖြစ်စေချင်ပါတယ်။ ဒီလိုမျိုး ထိထိ ရောက်ရောက် မဆောင်ရွက်ခဲ့ဘူးဆိုရင်တော့ နောက်ထပ် ဖြစ်လာရင်လည်း အရေးယူဆောင်ရွက်ပေးကြမှာ မဟုတ်ပါဘူး။ မိန်းကလေးက တိုင်းရင်းသူ ဖြစ်တယ်။ ဆွေမျိုးမရှိ၊ တစ်ကောင်ကြွက်ထင်ပြီး ခုလို သေမှုသေးခင်း ဖြစ်တာကိုတောင် အရေးလုပ်စရာမလိုဘူး ဆိုတဲ့သဘောမျိုး လုပ်ကိုင်နေကြတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ဒီအမှုမှန်ပေါ်ပေါက်ဖို့ ဝိုင်းဝန်း ဖြေရှင်း ပေးကြစေလိုပါတယ်" ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ အမှုအား ပပျောက်အောင် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး အမှု လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသား သာရေး၊ နာရေးအသင်း သင်္ဃန်းကျွန်းကြီး (မင်္ဂလာဒုံမြို့နယ်)မှ ကိုစိန်လှိုင်က ယခု အမှုကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်အား ဖုန်းဆက် အကြောင်းကြားထားကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

" ဒီလ ၂၇ ရက်နေ့ကတော့ ရခိုင်တိုင်းရင်းသားရေးရာဝန်းကြီး ဦးဇော်အေးမောင်ကို ဖုန်းဆက် အသိပေး လိုက်ပါတယ်။ သူကတော့ ဒီကိစ္စကို သိပြီးပြီ ဖြစ်လို့ ရန်ကုန်တိုင်း ရဲချုပ်ကို ဖုန်းဆက် အသိ ပေးပြောထားတယ်လို့ ဆိုပါတယ်။ လိုအပ်လာရင်လည်း နောက်ထပ်အသိပေးအကြောင်းကြားပေးပါ။ လိုအပ်တာတွေကို ကူညီ ဆောင်ရွက် ပေးပါမယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

ကိုစိန်လှိုင်တို့မှ အခင်း ဖြစ်ပွားသည့်နေ့က ကားပိုင်ရှင် အင်းစိန်ရဲစခန်းသို့ ရောက်နေသည်ဟု ကြားသိ ရသဖြင့် ရဲစခန်းသို့ လိုက်ရာသွားရာ ကားပိုင်ရှင်မှာ တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိဘဲ အပြင်သို့ ရောက်သွားပြီ ဖြစ်ကြောင်း၊ ၎င်းပြင် ရဲက အပြင်တွင် ပြေပြေလည်လည် ဖြေရှင်းလို့ ရသည်ဟု ပြောကြောင်း၊ ရဲက ပြေပြေလည်လည် ဖြေရှင်း၍ ရသည်ဟု ဆိုသော်လည်း ယနေ့ အချိန်ထိ ကားပိုင်ရှင်မှာ တွေ့ဆုံရန် ချိန်းဆိုသော်လည်း ရှောင်နေကြောင်း၊ အမှတ် (၁၃၀) ယာဉ်လိုင်းဂိတ်မှူး ဦးကိုကိုကြည်မှ သူတာဝန်ယူ ဖြေရှင်းပေးမည်ဟု ပြောသော်လည်း ယနေ့ထိ အဆက်အသွယ် ပြန်မလုပ်သေးကြောင်း ကိုစိန်လှိုင်က ဆက်ဆိုသည်။

"ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ယာဉ်စည်းကမ်းတွေကို တိတိကျကျ ဆောင်ရွက်ပေးမယ် ပြောတာကိုတော့ ကြားသိရပါတယ် ။ ဒါပမယ့် ခုလိုဖြစ်နေတာတွေကို စောစောစီးစီး ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါတွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှ လိုင်းကားစီးပြည်သူတွေ အန္တရာယ်ကင်း အဆင်ပြေလာမှာပါ " ဟု ရခိုင်အမျိုးသား ရှေ့နေတစ်ဦးကလည်း ပြောကြားသည်။

မလှတင်နု အလောင်းအား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံးအအေးခန်းတွင် ထားရှိခဲ့ပြီး ဖခင်ဖြစ်သူ ဦးဘထွန်း ရခိုင်မှ ရောက်သည့်အထိ စောင့်ဆိုင်းခဲ့ကာ ယမန်နေ့ ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၃နာရီက ရေဝေးသုဿန်တွင် မြောက်ဥက္ကလာပမြို့နယ် ရခိုင်သာရေး နာရေးအသင်းက ဦးဆောင်ရန်ကုန်ရှိ ရခိုင်လူမှုရေး အသင်းများ စုပေါင်းပြီး မီးသဂြိုဟ်လိုက်ကြောင်း သိရသည်။

ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် သေဆုံးသွားသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု (၂၀) နှစ်အတွက် သက်ဆိုင်ရာမှ အရေးယူ ဖြေရှင်းခြင်းမရှိ  ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် သေဆုံးသွားသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု (၂၀) နှစ်အတွက် သက်ဆိုင်ရာမှ အရေးယူ ဖြေရှင်းခြင်းမရှိ Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.