တွံတေး ဓားခုတ် လူသတ်မှု ဖမ်းမိ


တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၂

၁၀.၇.၂၀၁၆ ရက်နေ့ ၁၅၀၀ အချိန်တွင် တွံတေးမြို့နယ်နေ ကိုရန်လင်းအောင်သည် ၎င်းအလုပ်သွားနေစဉ် ဖခင်ဖြစ်သူ ဦးတင်ဇော်မှာ ဓားခုတ်ခံရ၍ သေဆုံးနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ တွံတေးမြို့နယ်၊ ဆင်ခြံကျေးရွာ၊ ရွာလယ်ပိုင်း တွံတေး-ကော့မှူးကားလမ်းမဘေး၌ ဖခင်ဖြစ်သူမှာ ဦးခေါင်း ၊ မျက်နှာ၊ နားရွက်နှင့်လည်ဂုတ်တို့တွင် ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊ ဖြစ်စဉ်အားစုံစမ်းရာ ဖခင်ဖြစ်သူနှင့် တစ်ရွာတည်းနေ လူမော်တို့မှာ ရွာရှိအလှူအိမ်တွင် ၀ိုင်းဝန်းလုပ်ကိုင်ပေးစဉ် အရက်သောက်ကြရာမှ စကားများရန်ဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူ နေအိမ်သို့အပြန် ယင်းနေ့ ၁၄၄၅ အချိန်ခန့်တွင် လူမော်က လမ်းမှစောင့်၍ဓားဖြင့် ခုတ်ခဲ့ခြင်း ဖြစ်သည်ကိုသိရှိရကြောင်းနှင့် အရေးယူပေးရန် တိုင်တန်းချက်အရ တွံတေးမြို့မရဲစခန်း(ပ)၃၅၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ လူမော် (၃၁)နှစ်အား ဖမ်းဆီးရမိရေးအတွက် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရာ ၁၁.၇.၂၀၁၆ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် ၎င်းကို တွံတေးမြို့နယ်၊ ဘုရားငုတ်တိုလမ်းဆုံ၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး သက်သေခံဓားအား သိမ်းဆည်းနိုင်ခဲ့ကာ အမှုဖြင့်ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
တွံတေး ဓားခုတ် လူသတ်မှု ဖမ်းမိ  တွံတေး ဓားခုတ် လူသတ်မှု ဖမ်းမိ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.