![]() |
ကီးယက်ဗ်မြို့လယ် ကားဗုံးပေါက်ကွဲမှုအား တွေ့ရစဉ် (ဆင်ဟွာ) |
ယူကရိန်းနို်င်ငံတွင် အွန်လိုင်း စုံစမ်းထောက်လှမ်း သတင်းရေးသားရာတွင် လူသိများသည့် Ukrainska Pravda သတင်းစာတွင် လုပ်ကိုင်နေသော သတင်းထောက် တစ်ဦးသည် ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက မြို့တော် ကီးယက်ဗ် (Kiev) မြို့လယ် ကားဗုံးပေါက်ကွဲမှု တစ်ခု၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သတင်းထောက် Pavel Sheremet သည် ဒေသစံတော်ချိန် နံနက် ၇း၄၅ နာရီအချိန်၌ အလုပ်သို့ ကားမောင်း သွားနေစဉ် ၎င်း၏ ကားအတွင်း ထောင်ထားသည့် ဗုံးပေါက်ကွဲခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတိုက်မှ ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်း စီးလာသည့်ကားသည် Ukrainska Pravda သတင်းစာ၏ အယ်ဒီတာချုပ် Alyona Pritula ပိုင်ဆိုင်ပြီး ၎င်းသည် ဗုံးပေါက်ကွဲချိန်၌ ကားအတွင်း၌ ရှိမနေခဲ့ပေ။
Sheremet သေဆုံးမှုသည် ၎င်း၏ အလုပ်နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီး၏ အကြံပေး Anton Gerashchenko က ရုပ်မြင်သံကြားမှ တဆင့် ပြောကြားခဲ့သည်။
အသက် ၄၄ နှစ်အရွယ် Sheremet သည် ဘီလာရုစ် နိုင်ငံဖွား သတင်းထောက် တစ်ဦး ဖြစ်ပြီး လွန်ခဲ့သော ငါးနှစ်ကျော်ကတည်းက ယူကရိန်းတွင် နိုင်ငံရေး လေ့လာ ဆန်းစစ်သူအဖြစ် လုပ်ကိုင်နေသူ ဖြစ်သလို Radio Vesti ၏ နံနက်ပိုင်း အစီအစဉ် တင်ဆက်သူ တစ်ဦးလည်း ဖြစ်သည်။
၎င်း သေဆုံးခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ တိုးမြှင့် ပြုလုပ်ရန် ယူကရိန်း သမ္မတ Petro Poroshenko က ညွှန်ကြားထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ကီးယက်ဗ်မြို့ ကားဗုံးပေါက်ကွဲမှုတွင် ယူကရိန်း သတင်းထောက် တစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
17:12
Rating:
