ကုမ္ပဏီ၂ ခုကို သတ္တုတူးဖေါ်ခွင့် ယာယီရပ်ဆိုင်း

တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲမှာရှိတဲ့ ဟိန္နားသတ္တုတွင်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ သတ္တုတူးဖော်နေတဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီနဲ့ အရှေ့တိုင်း သတ္တုမိုင်း ကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ္တုတူးဖော်ခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီကုမ္ပဏီနှစ်ခုဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပြဌာန်းထားတဲ့ သတ္တုတွင်း ဥပဒေကို မလိုက်နာတာကြောင့် ယာယီရပ်ဆိုင်းခိုင်း ထားတာလို့ တိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။

အဲဒီသတ္ထုတူးဖော်ရေးကုမ္ပဏီ ၂ ခုကို တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့မေလကုန်က သတိပေးစာ ပို့ခဲ့ပေမယ့် ကုမ္ပဏီတွေဘက်က လိုက်နာမှုမရှိတာကြောင့် တူးဖော်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ရပ်ဆိုင်းခံရတဲ့ကာလကို အတိအကျသတ်မှတ်ထားခြင်းမရှိဘဲ ကုမ္ပဏီတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ရေဆိုးထုတ်မြောင်းတွေ ကို ပြန်လည်ပြုပြင်ပေးရမှာဖြစ်တယ်လို့ ဝန်ကြီး ဦးမြင့်မောင်က ပြောပါတယ်။

သတ္ထုတူးဖော်ရေးကုမ္ပဏီတွေက စွန့်ပစ်လိုက်တဲ့ရေဆိုးတွေဟာ အနီးအနားကျေးရွာတွေ အသုံးပြုနေတဲ့ ချောင်းမြောင်းတွေထဲ ၀င်ရောက်နေတဲ့ အတွက် ရေမသန့်ရှင်းတာတွေ ချောင်းတိမ်ကောတာတွေ ရေရှားပါးမှုတွေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာပွန်ပီပက်ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်လောက်ကတည်းက ဟိန္နားသတ္တုတွင်းမှာ တူးဖော်နေတာဖြစ်ပြီး အရှေ့တိုင်းကုမ္ပဏီက ဘ၀ပင်သတ္တုမိုင်းမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ စတင်တူးဖော်ခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က သူတာဝန်ယူမယ့်ကာလအတွင်း တိုင်းအတွင်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် သတ္တုမိုင်း တူးဖော်မယ့် ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပြုပေးမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကုမ္ပဏီ၂ ခုကို သတ္တုတူးဖေါ်ခွင့် ယာယီရပ်ဆိုင်း  ကုမ္ပဏီ၂ ခုကို သတ္တုတူးဖေါ်ခွင့် ယာယီရပ်ဆိုင်း Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.