မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနှင့်တိရစ္ဆာန်များ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့


မင်းဘူး ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးအနီးရှိ ရပ်ကွက်/ကျေးရွာတွင် နေထိုင်လျက် ရှိသော လူနှင့် တိရစ္ဆာန်များ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။


မင်းဘူးမြို့တွင် ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၆)နာရီအချိန် တိုင်းထွာချက်အရ မြစ်ရေမြင့်တက်မှုမှာ (၁၆၇၂) စင်တီမီတာရှိပြီး စိုးရိမ်ရေအမှတ်မှာ (၁၇၀၀) စင်တီမီတာ ဖြစ်သည်။ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် သနပ္ပင်စုကျေးရွာမှ အိမ်ထောင်စု(၁၅၇)စုနှင့် နွား(၃၀၀)ကောင် တို့သည် ၀က်မစွတ်ကျေးရွာနှင့် ရေနံချောင်းမြို့သို့လည်းကောင်း၊ စက္ကိန္တဲစေတီ၏ အရှေ့ဘက်နှင့်အနောက်ဘက်ရှိ အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု(၅၉)စုမှာ သာစည်ဘုန်းကြီးကျောင်းဝိုင်းနှင့် ဖောင်တော်ဦးကျောင်းသို့ လည်းကောင်း၊ မန်းကျိုး ကျေးရွာနှင့် ထုံးမကြီးကျေးရွာမှ အိမ်ထောင်စု(၄၇)စု၊ နွား(၄၆)ကောင်တို့မှာ အောက်ကျောင်းကျေးရွာ၊ ပေါက်ကုန်းနှင့် ကျောက်ကုန်းကျေးရွာများသို့လည်းကောင်း၊ မင်းဘူးအမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု (၇၆)စုမှာ မှန်ကင်းကျောင်းတိုက်သို့ လည်းကောင်း၊ မင်းဘူးအမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၂၆)စု နှင့် နွား(၉)ကောင် တို့မှာ အ.ထ.က(၁)ကျောင်းအားကစားကွင်းတွင်လည်းကောင်း၊ ရွာသာကျေးရွာမှ အိမ်ထောင်စု (၅၆)စု၊နွား(၄၁) ကောင်းတို့မှာ ကျေးရွာဘုန်းတော်ကြီးဝန်း အတွင်း၌လည်းကောင်း ယာယီပြောင်းရွှေ့ နေထိုင်လျက် ရှိကြသည်။


ထို့သို့ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများထံသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်တို့မှ သွားရောက် အားပေး စကားများ ပြောကြားခဲ့ပြီး နေထိုင်/စားသောက်ရေးနှင့် ကျန်းမာရေးအဆင်ပြေစေရန် ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။

မင်းဘူးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနှင့်တိရစ္ဆာန်များ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့  မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနှင့်တိရစ္ဆာန်များ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 16:15 Rating: 5
Powered by Blogger.