ရခိုင်တွင်မှုခင်းအားလုံး အရက်ကြောင့်ဖြစ်ဟု ရဲမှူးကြီးဆို


 ဇူလိုင် ၂၁

ရခိုင်ပြည်နယ်အတွင်း ရာဇ၀တ်ဆိုင်ရာ မှုခင်းများအား လုံး၏ နောက်ကြောင်း များကို တိုက်ဆိုင်စစ်ဆေးလျှင် အရက်ကြောင့် အများဆုံး ဖြစ်ပွားနေ သည် ကိုတွေ့ရှိ ရသည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲမှူးကြီး စိန်လွင် က ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ဇူလိုင်လ ၂၀ ရက်နေ့ကပြုလုပ်သည့် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး အတွက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ပြည်သူလူထုသို့ ရှင်းလင်းပြောကြား သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ရဲမှူးကြီးမှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုထဲတွင် အရက်သောက်သုံးသူအများဆုံးမှာ ရခိုင်ပြည်နယ်ဟုလည်း ရဲမှူးကြီး စိန်လွင်ကမှတ်ချက်ပြုသည်။ "ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေကိုကြည့်ရင် ရိုက်နှက်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ လူသတ်မှုနဲ့ ယာဉ်တိုက်မှု တွေများတယ်။ ဒီလိုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကတော့ အရက်သေစာ သောက်စားလို့ပါဘဲ။ အရက် သောက်ခြင်းရဲ့ နောက်ဆက်တွဲကတော့ လူတွေရဲ့အသိစိတ် ကိုကင်းမဲ့စေပြီး ပြစ်မှုပါကျူးလွန်လာကြတယ်။ ရခိုင်ဒေသခံပြည်သူတွေဟာ အရင်ကတည်းက အရက်ကိုကြိုက်ကြတဲ့အတွက်ကြောင့် ရိုးရာအစဉ်အလာလို သောက်နေတဲ့ သဘာဝကိုတွေ့ ရပါတယ်”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ပြည်နယ်ရဲမှူးကြီးစိန်လွင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဈေးပေါပေါနှင့်ဝယ်ယူရရှိပြီး အလွယ်တ ကူသောက်နေကြသည့်အရက်များမှာ ချက်အရက်များ၊ အရည်အသွေး မမှီသောအရက်များ၊ ဓနိရည်များကို ထည့်၍ ပြန်ချက်သည့်အရက်များ၊ ဓာတုပစ္စည်းများနှင့် ရောနှောပြီး ချက်သည့်အရက်များဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်များကဆိုသည်။

“အရက်အတုတွေကို ထုတ်လုပ်နေတာက စစ်တွေမြို့ မှာ လူသွားလူလာများတဲ့ လမ်းမတွေပေါ်မှာလဲရှိတယ်။ ဥပမာအားဖြင့် ပါတလိတ်ကျေးရွာလို လမ်းဆုံနေရာမျိုးတွေမှာပေါ့။ ဒီကသွင်းလိုက် ရင်တော့ပုလင်း အခွံတွေ၊ ပြန် ထွက် လာတဲ့အခါ အကောင်းစားအရက်အမျိုးမျိုးတွေ ထွက်လာပြီးတော့ တစ်လုံးကိုငါးရာနဲ့ ၀ယ်သောက် ကြတယ်။ အရက်ပြဿနာ အဆင်ပြေဖို ဆိုရင်တော့ အရက်လိုင်စင်ရှိတဲ့ဆိုင်တွေကိုစိစစ်၊ လိုင်စင်မရှိတဲ့ ဆိုင်တွေ ကို တရားဥပဒေအရ ဖမ်းဆီးဆောင်ရွက်သွား မယ်ဆိုရင်တော့ အဆင်ပြေ သွားနိုင်ပါတယ် " ဟု စစ်တွေမြို့ခံ ဦးသန်းထွန်းက အဆိုပါ ရှင်းလင်းပွဲ တွင် ထောက်ပြခဲ့သည်။

အရက်များသည် သောက်ပြီး ချက်ချင်းမူးကာ စဉ်းစား ဆင်ခြင်စိတ် နည်းပါးလာပြီး နီးစပ်ရာကို ဆဲဆိုခြင်း ၊ ရမ်းကားခြင်း၊ထို့မှတစ်ဆင့် ရိုက်နှက်မှု၊ လုယက် မှု၊ လူသတ်မှု၊ ယာဉ်တိုက်မှု၊ မုဒိမ်းမှုများ ကျူးလွန် လာ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရိုက်နှက်မှု၊ လုယက်မှု၊ လူသတ်မှု၊ ယာဉ်တိုက်မှု၊ မုဒိမ်းမှု စသည့်ပြစ်မှု အများဆုံးဖြစ်ပွားသည့် မြို့ နယ်များမှာ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ စစ်တွေမြို့ တို့တွင် အများဆုံးဖြစ်ပွားနေသည်ကိုတွေ့ ရှိရကြောင်း ရဲတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းများက ဆိုသည်။

ဇော်ဇော်နိုင်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
ရခိုင်တွင်မှုခင်းအားလုံး အရက်ကြောင့်ဖြစ်ဟု ရဲမှူးကြီးဆို  ရခိုင်တွင်မှုခင်းအားလုံး အရက်ကြောင့်ဖြစ်ဟု ရဲမှူးကြီးဆို Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.