![]() |
(၅.၇.၂၀၁၆) ရက်နေ့ မင်းပြားမြို့နယ် မင်းဖူးကျေးရွာ ရေကြီးရေလျှံမှု အခြေအနေ |
ရေကြီးရေလျှံမှုကြောင့် မင်းပြားမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၁၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ
မင်းပြား (July 05, 2016)
၂၀၁၆ ခု ဇူလိုင်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်မြောက်ပိုင်းရှိ လေးမြို့မြစ် ရေပြည့်ရေလျှံကာ အဆိုပါ မြစ်တလျောက် မင်းပြားမြို့နယ်ရှိ ကျေးရွာများနှင့် မင်းပြားမြို့ပေါ် ရပ်ကွက်များအားလုံး ရေပြည့်ရေလျှံခြင်းဒဏ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ခံစားခဲ့ရကာ ယနေ့ (ဇူလိုင်လ ၅ ရက်) တွင် အလွန် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။
မင်းပြားမြို့ပေါ်တွင် ရပ်ကွက်အားလုံး ရေနစ်မြုပ်နေပြီး မြေနိမ့်ရပ်ကွက်များတွင် လူတစ်ရပ်နီးပါး ရေနစ်မြုပ်ကာ ကျောင်း/ရုံး/ဈေး/ဆေးရုံ စသည်တို့မှာလည်း ရေနစ်မြုပ်သွားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေအရ အရေးပေါ် အကူအညီများ လိုအပ်နေသည့် ကျေးရွာများမှာ မင်းပြားမြို့နယ်မြောက်ပိုင်း လေးမြို့မြစ်လက်တက်တစ်ခုဖြစ်သည့် ပန်းမြောင်းကြီးချောင်းတလျောက် ကျေးရွာများဖြစ်သည့် တောတန်း၊ ချင်းဆိပ်၊ ဝါးတောင်၊ ဒုံကြီး၊ တံခွန်တိုင်၊ အသေကာလ၊ မြင်းကဆိပ်၊ ကုလားမတောင်၊ မင်းဖူး၊ ကပ်ပဲ့၊ ပွဲရကံဆိပ်၊ အိုးပျဉ်တောင်၊ ချောင်းတို၊ ပြင်ယောင်း၊ ခွဆုံ(ချင်း) စသည့် ကျေးရွာများမှာ လူနေအိမ်များ နစ်မြုပ်၍ ဘေးလွတ်ရာ တောင်များသို့ သွားရောက်ခိုလှုံနေရကြောင်း သိရသည်။
" ဒီနေ့ တော်တော်ကို ရေပြည့်ပါတယ်။ ကျွန်တော်တို့ မင်းဖူးကျေးရွာမှာ ဒီနေ့ နေ့လည်ပိုင်းက လူနေအိမ်တွေ ရေနစ်မြုပ်လာတဲ့အတွက် ၄ ဖာလုံလောက်ဝေးတဲ့ ပုလဲတောင်ကို မော်တော်၊ စက်လှေတွေနဲ့ ရွာသူ/သား ၃၀၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ အဲဒီ ပုလဲတောင်ရွာက တောင်ခြေမှာ တည်ရှိတော့ ရေမမြုပ်ဘူး။ အဲဒီရွာက စာသင်ဆောင်တွေမှာ အဲဒီ ရေဘေးတိမ်းရှောင် ဒုက္ခသည်တွေကို ယာယီနေထိုင်စေပါတယ်။ ရွာသူ/သားတွေရဲ့ ဆန်စပါးဝမ်းစာတွေလည်း အကုန် ရေနစ်မြုပ်သွားပါပြီ။ မနက်ဖြန်ကစပြီး ရှိတဲ့ဆန်နဲ့ အကုန်လုံး တန်းတူ ဖြစ်သလို ကျွေးမွေးပါမယ်။ အဓိက အရေးပေါ်လိုအပ်နေတာက သောက်သုံးရေနဲ့ ဆန်၊ ဆီ၊ ဆား တွေပါပဲ။ " ဟု မင်းဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှ က မင်းပြား-သတင်းသို့ ပြောသည်။
အဆိုပါ မြစ်တလျောက် ကျေးရွာ ၁၀ ကျော်မှ ကျေးရွာနေပြည်သူများမှာ ရေဘေးလွတ်ရာ တောင်ကုန်းများသို့ မိမိတို့အစီအစဉ်ဖြင့် ဖြစ်သလို ရွှေ့ပြောင်းနေရပြီး သောက်သုံးရေနှင့် ဆန်၊ ဆီ၊ အစားအစာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ဤ ရေဘေးဒုက္ခသည်များကို အရေးပေါ် ကူညီကယ် ထောက်ပံ့ ဆောင်ရွက်နိုင်ရန် လိုအပ်နေသော်လည်း မင်းပြားမြို့ရှိ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယနေ့အထိ စတင် မဆောင်ရွက်နိုင်သေးပါ။
မင်းပြား - သတင်း
05 . 07 . 2016
https://www.facebook.com/mongbranews/
မင်းပြားမြို့ပေါ် ရေကြီးရေလျှံမှုကြောင့် ကျောင်း/ရုံး/ဆေးရုံများ ရေနစ်မြုပ်
Reviewed by THITHTOOLWIN
on
22:52
Rating:
