ရာဇဂြိုဟ်ကျေးရွာတွင် ချင်းချောင်းတောင်ကျရေ လျှံသဖြင့် လယ်များ ပျက်စီး


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာတွင် ချင်းချောင်းတောင်ကျရေ လျှံသဖြင့် လယ်များ ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ အနောက်မြောက်ဘက်၊ သက်ကယ်ကွင်းနေရာသို့ ဇူလိုင် ၈ရက်နံနက်ပိုင်းမှ စတင်ကာချင်းချောင်း တောင်ကျရေများလျှံသဖြင့် စပါးပျိုးခင်းများနှင့် စိုက်ပျိုးရက် နီးနေသည့်လယ်များပျက်စီးခဲ့ကြောင်း သိရှိရသည်။

 အဆိုပါ ချင်းချောင်းတောင်ကျချောင်းရေများသည်စိုက်ပျိုးရန် ရက်ပိုင်းသာလိုတော့သည့် လယ်ကွင်းများ၊ စပါးပျိုး ခင်းများပေါ်ကို ရေလွှမ်းခဲ့ပြီး၊ တောင်ကျရေနှင့် အတူပါလာသည့် သစ်တုံးများ၊ ဒိုက်များလည်း ဖုံးအုပ်ခံခဲ့ကြောင်း သိရသည်။
 “မနက်လေးနာရီကတည်းက လျှံလာတဲ့ ရေက ပျိုးခင်းတွေကို လွှမ်းကုန်တယ်။ အမှိုက်တွေ၊ ဒိုက်တွေလည်း ဖုံးကုန်တယ်။ နောက်ထပ်ပျိုးထောင်ဖို့ မျိုးစပါးလည်းမရှိတော့ဘူး။ မျိုးစပါး ၁၀ တင်းပျိုးခဲ့တာ အားလုံး ပျက်စီးကုန်ပြီ။”ဟု ရာဇဂြိုဟ်ရွာမှ တောင်သူဦးဝင်းမော်က ပြောသည်။

 ပျက်စီးသွားသည့်ပျိုးခင်းများမှာ မျိုးစပါး ၁၀ တင်း၊ ၁၈ တင်း၊ ၂၅ တင်းစသဖြင့်ပျိုးခင်း ပမာဏ အမျိုးမျိုး ပျက် စီးခဲ့ကြောင်း၊ ဒေသပေါက်ဈေးအရ ဧရာမင်းမျိုးစပါးတစ်တင်းလျှင် ငွေကျပ် ၈၅၀၀ ၊ ပေါ်ဆန်းမျိုးစပါးတစ်တင်း လျှင် ၇၅၀၀ ကျပ်ရှိကြောင်း၊ မျိုးစပါးတစ်တင်းကျော်ခန့်လျှင် လယ်တစ်ကခန့်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

လယ်တစ်ဧကလျှင် စပါးတင်းပေါင်း ၉၀ ခန့်ထွက်သည့်လယ်များဖြစ်ကြောင်း၊ နောက် ထပ်မျိုးစပါးရပါက သြဂုတ်လအထိ ပြန်ပြီးပျိုးထောင်၍ ရနိုင်ကြောင်းသိရသည်။ချင်းချောင်း၊ နန်းခြေရာချောင်းနှင့် ကျားချောင်းစသည့် ချောင်းသုံးချောင်း ပေါင်းစုကာ တောင်ကျရေများ စီးဆင်းလျှံကြောင်း သိရသည်။
 “ငွေတတ်နိုင်တဲ့သူတွေကတော့ မျိုးစပါးကို မရ ရအောင်ရှာဝယ်နိုင်ကြပေမယ့် မတတ်နိုင်တဲ့ တောင်သူတွေ ကတော့ တင်းတိုးနဲ့ချေးပြီး ပျိုးခင်းပြန်ထောင်ကြရမှာပါ။ အခု လပြည့်မှာစိုက်မယ့်လယ်တွေလည်းပျိုးခင်း တွေ ပျက်စီးသွားတော့ ဘာလုပ်ရမှန်းမသိဖြစ်ကုန်တယ်။”ဟု ရာဇဂြိုဟ်ကျေးရွာမှ တောင်သူကြီး ဦးဆန်းလှိုင်က ပြောသည်။

ချင်းချောင်းရေလျှံသဖြင့် စပါးပျိုးခင်းများနှင့်အတူ စိုက်ပျိုးရန်လေးငါးရက်ခန့်သာလိုတော့သည့် လယ်ဧက ၂၀၀ ခန့်ကို ရေနှင့်ဒိုက်များဖုံးအုပ်ပျက်စီးခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရာဇဂြိုဟ်ကျေးရွာတွင် ချင်းချောင်းတောင်ကျရေ လျှံသဖြင့် လယ်များ ပျက်စီး ရာဇဂြိုဟ်ကျေးရွာတွင် ချင်းချောင်းတောင်ကျရေ လျှံသဖြင့် လယ်များ ပျက်စီး Reviewed by THITHTOOLWIN on 16:10 Rating: 5
Powered by Blogger.