နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချီးကျူးဂုဏ်ပြုခံရသူ မနော်ဒါးခူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ချီးကျူးဂုဏ်ပြုခံရသူ မနော်ဒါးခူကို တွေ့ရစဉ်။ Photo: မနော်ဒါးခူ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လအတွက် ချီးကျူးဂုဏ်ပြု ထိုက်သူအဖြစ် မွေးရာပါ လက်နှစ်ဖက်မပါပေမယ့် ခြေထောက်နဲ့ စာရေးပြီး ဒီနှစ် ဆယ်တန်း စာမေးပွဲကို အောင်မြင်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်က မနော်ဒါးခူကို ရွေးချယ်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုတဲ့အတွက် မိမိ အနေနဲ့ ၀မ်းသာကြောင်းနဲ့ ပညာမတတ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ပညာမသင်နိုင်တဲ့ ကလေးတွေကို စာသင်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ မနော်ဒါးခူ က ပြောပါတယ်။

မနော်ဒါးခူဟာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ နေထိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူဟာ အမှတ် ၅၄ ခြေလျင်တပ်ရင်းက တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲကို ၂ ကြိမ် ကျရှုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ဟာ မနော်ဒါးခူ ရဲ့ အသက် ၂၀ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး သူ ဆယ်တန်းအောင်မြင်ခဲ့တဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းက သူ့ကို ဂုဏ်ပြုပွဲကျင်းပပေးတဲ့နေ့လည်း ဖြစ်ပါတယ်။

မနော်ဒါးခူဟာ ကျောင်းနေစဉ်မှာ ပြင်ပကျူရှင် တက်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့ သူဖြစ်ပေမယ့် ဘ၀ကို အရှုံးမပေးဘဲ အများနည်းတူ ပညာသင်ကြား အောင်မြင်ခဲ့ကြောင်းနဲ့ မသန်စွမ်း လူငယ်တွေအတွက် အားကျအတုယူဖွယ်ရာ ပြယုဂ်တစ်ခုဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရဲ့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံတော်တည်ဆောက်ရာမှာ လူငယ်တွေရဲ့ စာရိတ္တ၊ တွေးခေါ်မျှော်မြင်နိုင်မှုနဲ့ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှု တို့လိုအပ်ကြောင်း လူငယ်တွေရဲ့ စွမ်းအား ရင်းမြစ်ဟာ မကုန်ခမ်းနိုင်တဲ့ နိုင်ငံရဲ့ သယံဇာတဖြစ်ကြောင်းလည်း ဖြော်ပထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်အခြေစိုက် ရှင်သန်ရေးလူမှုကူညီရေးအသင်းကို ပြီးခဲ့တဲ့မေလအတွက် ချီးကျူးဂုဏ်ပြုထိုက် သူအဖြစ် ရွေးချယ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချီးကျူးဂုဏ်ပြုခံရသူ မနော်ဒါးခူ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချီးကျူးဂုဏ်ပြုခံရသူ မနော်ဒါးခူ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.