မြိတ် ကမ်းနားလမ်းတွင် အိမ်(၁)လုံး ပြိုကျမှုဖြစ်ပွား


မြိတ် ဇူလိုင် ၂၉ ရက်

မြိတ်မြို့ ကမ်းနားလမ်း ပုလဲရတနာခန်းမအနီး ပြည်တော်သာတံတားအရှေ့ ဦးမျိုးမြင့် ပိုင်ဆိုင်သော အိမ်သက်တမ်းခန့်မှန်း ၉၅ နှစ်ခန့်ရှိ ပေ(၄၀x၆၀)ရှိ ဟောင်းနွမ်းနေသော နှစ်ထပ်အဆောက်အဦ အပေါ်ထပ် သည် ဇူလိုင်လ (၂၉)ရက် နေ့လယ်(၂း၄၅ )နာရီက ပြိုကျမှု ဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

၎င်းအဆောက်အဦထဲတွင် ကုန်စုံဆိုင်၊ ဘေးအဖီတွင် ထမင်းဆိုင်၊ လ္ဘက်ရည်ဆိုင်တို့ ဖွင့်လှစ်ရောင်းချ နေကြောင်း၊ ပြိုကျချိန်တွင် ဆိုင်အတွင်း မိမိတစ်ယောက်သာရှိကြောင်း၊ ဆိုင်အတွင်းနှင့် အနီးအနားတွင် လူရှင်းနေ၍ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း လ္ဘက်ရည်ဆိုင်ဖွင့်လှစ်ရောင်းချနေသော ဒေါ်သီသီအေးက ပြောသည်။


အခင်းဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ ရောက်ရှိလာကြပြီး အန္တရာယ်မဖြစ်ပွားစေရေးအတွက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ နှင့် ပြည်သူများ ပြိုကျအဆောက်အဦအား ကရိန်းယာဉ်(၂)စီး၊ ကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေ ကယ်ဆယ် ရေး ပစ္စည်းများဖြင့် အန္တရာယ်ဖြစ်စေမည့် အပိုင်းအစများအား ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။

အဆောက်အဦပြိုကျမှုကြောင့် ၄င်းအဆောက်အဦအပေါ်ထပ်နှင့် ဘေးအဖီရှိ ဆိုင်ခန်း(၄)ခန်း ပျက်စီး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၁၀၂၀၀၀၀)ခန့်ဖြစ်ကြောင်း၊ ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း မီးသတ်ဦးစီး ဌာနမှ သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြိတ် ကမ်းနားလမ်းတွင် အိမ်(၁)လုံး ပြိုကျမှုဖြစ်ပွား  မြိတ် ကမ်းနားလမ်းတွင် အိမ်(၁)လုံး ပြိုကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:49 Rating: 5
Powered by Blogger.