ပြည်ပသို့ တရားဝင်ကျွဲ၊ နွား ရောင်းခွင့်ရရှိရန် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းပေးမည်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်း ။ ဓာတ်ပုံ-ဟံသာဟိန်း
ရန်ကုန်၊ ဇူလိုင် ၂၄။

ပြည်ပသို့ တရားမ၀င်ကျွဲ၊ နွားများရောင်းချလျက်ရှိရာ ပြည်တွင်းရှိ တောင်သူလယ်သမားများအနေဖြင့် အကျိုးခံစားခွင့် ရရှိမှု အလွန်နည်းသောကြောင့် တရားဝင်ရောင်းဝယ်ခွင့်ရရှိရန် ဥပဒေတစ်ခု ရေးဆွဲပြဌာန်းပေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးတိုးတတ်ရေး ကော်မတီမှ ဥက္ကဌ ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။

လက်ရှိတွင် ပြည်ပသို့ တရားမ၀င်ကျွဲ နွားများရောင်းချနေမှုရှိရာတွင် မူရင်းရောင်းချသာ တောင်သူလယ်သမားများအနေဖြင့် အကျိုးအမြတ်ရရှိမှု အလွန်နည်းပြီး ကြားပွဲစားများသာ အကျိုးအမြတ်များစွာ ရရှိနေခြင်းကြောင့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

''ကျွဲနွားတွေက ပြည်ပကို အတိုင်းအဆမရှိ သွားနေတာ။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ပေါင်းပြီး သွားနေတာ။ အဲဒီလိုတွေသွားနေပေမဲ့ ဒီမှာနွားတစ်ကောင်ကို သုံးသိန်းခွဲလောက်ရပေမဲ့ ကချင်ပြည်နယ် နယ်စပ်နဲ့တရုတ်ဘက်မှာဆိုရင် သိန်း၂၀လောက်ရတယ်။ ဒီမှာ ၁၅သိန်းလောက်ရတဲ့ နွားက ဟိုဘက်မှာ သိန်း ၆၀လောက်ရတယ်။ ဒီလိုဈေးနှုန်းတွေ အရမ်းကွာဟနေတဲ့အတွက်ကြောင့် တရားဝင်ရောင်းလို့ရအောင် ဥပဒေပြဌာန်းမယ်။ ဒီလိုသာရောင်းချနိုင်မယ်ဆိုရင် လယ်သမားတွေက သူတို့ပစ္စည်းတွေကို ရွှေဖြစ်အောင်ပြုလုပ်ပေးလို့ရတယ်''ဟု အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတတ်ရေးကော်မတီဥက္ကဌ ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။

ဇူလိုင်၂၃ရက်နေ့ကရန်ကုန်မြို့ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်သော မြန်မာနိုင်ငံတောင်သူလယ်သမားညီလာခံတွင် အထက်အပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဥပဒေရေးဆွဲရာတွင်လည်း ကျွဲနွားများ ဆုံးရှုံးမှုမဖြစ်စေရန်အတွက်ကိုလည်း ဥပဒေအတွင်း လယ်သမားတစ်ဦးလျှင် မည်မျှအကောင်ရေသာ ရောင်းချခွင့်ရှိကြောင်း သတ်မှတ်ပြီး ထည့်သွင်း ရေးဆွဲပေးမည်ဖြစ်ကြောင်း ယင်းက ပြောကြားသည်။

''လယ်သမားတစ်ဦးမှာ နွားလေးကောင်ရှိရင် တစ်ကောင်နှုန်းစသဖြင့် ရောင်းချနိုင်အောင် ဥပဒေမှာ ပြဌာန်းပေးမယ်။ ပြီးရင် သက်ဆိုင်ရာ မွေးကုမှာ မှတ်ပုံတင်၊ ကာကွယ်ဆေးထိုး ဆောင်စရာရှိတဲ့ အခွန်ကို ဆောင်မယ်ဆိုရင် တိုင်းပြည်ဝင်ငွေလည်း တိုးမယ်။ အခုက မှောင်ခိုဈေးကွက်ကြောင့် လုပ်ငန်းရှင်တွေပဲ အကျိုးခံစားနေရတော့ လယ်သမားတွေအတွက် ၀င်ငွေဝင်သင့်သလောက် မ၀င်ဘူး''ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။

ယင်း ကျွှဲ၊နွားများကို တရားဝင်ရောင်းချခွင့် ပြုပေးပါက အစိုးရအနေဖြင့် ဖေါ်ဆောင်နေသည့် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အမြန်ဆုံးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်သူလယ်သမားများအတွက် အားနည်းနေသော ဥပဒေများကိုလည်း ကော်မတီအနေဖြင့် ပြင်ဆင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar

ပြည်ပသို့ တရားဝင်ကျွဲ၊ နွား ရောင်းခွင့်ရရှိရန် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းပေးမည်  ပြည်ပသို့ တရားဝင်ကျွဲ၊ နွား ရောင်းခွင့်ရရှိရန် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းပေးမည် Reviewed by THITHTOOLWIN on 12:52 Rating: 5
Powered by Blogger.