တောင်ဆူဒန်သမ္မတနန်းတော်၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၁၁၅ ဦးသေဆုံး


ဂျူဘာ ဇူလိုင် ၉

တောင်ဆူဒန်နိုင်ငံမြို့တော် ဂျူဘာရှိ သမ္မတနန်းတော်၌ ဇူလိုင် ၈ ရက် ညနေပိုင်းက အပြင်းအထန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၁၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဇူလိုင် ၉ တွင် အတည်ပြုပြောကြားသည်။

အဆိုပါပစ်ခတ်မှု၌ သေဆုံးသွားသည့်အလောင်းအများစုမှာ အစိုးရတပ်မတော်ဘက်မှဖြစ်ပြီး ဂျူဘာဆေးရုံရှိအအေးခန်းမှာ လူသေအလောင်း များဖြင့်ပြည့်နေကြောင်း အတိုက်အခံဆူဒန်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ပြောရေးဆိုခွင့်ရှိသူ ဝီလျံဂတ်ဂျစ်က ပြောကြားသည်။

အလားတူပင် တောင်ဆူဒန်ဒုတိယသမ္မတ ရိုက်ခ်မာချာဦးဆောင်သည့် အတိုက်အခံ ဆူဒန်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဘက်မှလည်း အများအပြား သေကျေဒဏ်ရာရရှိခဲ့ကာ တာဝန်ရှိသူများသည် သမ္မတနန်းတော်နှင့် ဂျူဘာမြို့၏ဆင်ခြေဖုံးအရပ်များတွင် ရှာဖွေရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

''အခင်းဖြစ်တဲ့နေရာမှာ အတိုက်အခံ ဆူဒန်လွတ်မြောက်ရေးတပ်မတော်မှ ကျွန်တော်တို့ရဲ့ကိုယ်ရံတော် ၃၅ ဦးရဲ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် သမ္မတနန်းတော်ခြံစည်းရိုးအပြင်ဘက်မှာ တာဝန်ချထားတဲ့ အစိုးရ ထောက်ခံတဲ့ ဆူဒန်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဘက်မှ အလောင်း ၈၅ လောင်းကို လည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်'' ဟုဂတ်ဂျစ်က ပြောကြားသည်။

လက်နက်ကြီးပစ်ခတ်မှုများပါဝင်သည့် အဆိုပါပစ်ခတ်မှု၏အသံများကို တောင်ဆူဒန်သမ္မတ ဆာလ်ဗာကီးရ်၊ ဒုတိယသမ္မတ ရိုက်ခ်မာချာနှင့် ဒုတိယသမ္မတ ဝါနီအစ်ဂါတို့ အစည်းအဝေးပြုလုပ်လျက်ရှိရာ သမ္မတနန်းတော် ခြံဝင်းမှ ညနေ ၅ နာရီခွဲ ခန့်ကတည်းက ကြားခဲ့ရခြင်းဖြစ်သည်။ သမ္မတ ဆာလ်ဗာကီးရ်၊ ဒုတိယသမ္မတ ရိုက်ခ်မာချာနှင့် ဒုတိယသမ္မတဝါနီအစ်ဂါတို့ သည် ဇူလိုင် ၇ ရက်က ရန်ပွဲဖြစ်ပွားပြီး စစ်သည်ငါးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုသည် ဒုက္ခသည် ၂၈ဝဝဝ ခန့်ခိုလှုံလျက်ရှိ တောင်ဆူဒန် ဆိုင်ရာ ကုလသမဂ္ဂအခြစိုက် စခန်းအပါအဝင် မြို့နှင့်အနီးဝန်းကျင်နေရာအားလုံးသို့ပျံ့နှံ့သွားခဲ့သည်။ သို့သော် ယင်းပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းကိုမူ အသေးစိတ်မသိရသေးပေ။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
တောင်ဆူဒန်သမ္မတနန်းတော်၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၁၁၅ ဦးသေဆုံး  တောင်ဆူဒန်သမ္မတနန်းတော်၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၁၁၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.