စစ်ရေးတင်းမာမှုကြောင့် သီပေါမှာ ဒုက္ခသည်တွေထပ်တိုး

 ( ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တချို့ကို တွေ့ရစဉ် ) Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာအနီးတ၀ိုက်မှာ တအာင်းတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေးတင်းမာနေတာကြောင့် မန်လွယ် ရွာသား ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့ကစပြီး သီပေါမြို့ ရတနာရွှေဂူ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။

မန်လွယ်ကျေးရွာက ရွာလုံးကျွတ်ထွက်ပြေးလာကြတာဖြစ်ပြီး ဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။

မန်လွယ်ရွာသူ ရွာသားတွေဟာ ပြီးခဲ့တဲ့မေလကလည်း RCSS/SSA နဲ့ TNLA တို့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး သီပေါမြို့ ဘော်ကြိုဘုရားကြီးကျောင်းတိုက်မှာ တစ်လနီးပါးကြာ ခိုလှုံခဲ့ကြ တာဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်မှုရှိနေပြီဆိုတာကြောင့် နေရပ်ပြန်သွားတာ တစ်လအကြာမှာ အခုလိုဒုတိယအကြိမ် ထွက်ပြေးလာရတာဖြစ်တယ်လို့ ဒေါ်နန်းမိုးက ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ ပြောပြချက်အရ TNLA နဲ့ RCSS/SSA တပ်တွေဟာ မန်လွယ်ရွာတ၀ိုက်မှာ ပစ်ခတ်မှုတွေရှိနေသလို နှစ်ဖက်တပ်တွေကို ဒေသခံတွေက ရိက္ခာထောက်ပံ့ပေးနေရတယ်လို့ သိရကြောင်း ဒေါ်နန်းမိုးက ပြောပါတယ်။ ဒုက္ခသည် ၃၀၀ ကျော်ထဲမှာ မွေးကင်းစကလေးအပါအ၀င် ကလေးငယ် တစ်ရာကျော်ပါဝင်ပြီး ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က သီပေါမြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့မေလက လှူဒါန်းတဲ့ ငွေကျပ်သိန်းတစ်ရာကို အလှူငွေလက်ခံထားတဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဒုက္ခသည်တွေအတွက် အပြည့်အ၀မသုံးစွဲဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

TNLAနဲ့ RCSS/SSA တပ်တွေဟာ သီပေါမြို့နယ် မန်လွယ်ကျေးရွာမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွား နေတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
စစ်ရေးတင်းမာမှုကြောင့် သီပေါမှာ ဒုက္ခသည်တွေထပ်တိုး  စစ်ရေးတင်းမာမှုကြောင့် သီပေါမှာ ဒုက္ခသည်တွေထပ်တိုး Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.