ယစ်မျိုးလိုင်စင်ချပေးမှု ရပ်တန့်ထားသောကြောင့် လက်လွှဲလက်ပြောင်း ဈေးကွက်တွင် ကျပ်သိန်း ၁၀၀ နီးပါး ပေါက်ဈေးရှိ


ဘီယာရောင်းချခွင့်၊ အရက်ရောင်း ချခွင့်လိုင်စင်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၃ ခုနှစ်မှ စတင်ပြီး ထပ်မံ ချထားပေးခြင်းမရှိဘဲ ပိတ်ပင်လိုက်သောကြောင့် လိုင်စင်ရှိသူနှင့် လိုင်စင်လိုအပ်သူတို့ကြား လက်လွှဲလက်ပြောင်း ပြန်လည်ရောင်းချရာတွင် လိုင်စင်တခုလျှင် ကျပ် သိန်း ၁၀၀ နီးပါးအထိရှိလာကြောင်း သိရသည်။

ယစ်မျိုးလိုင်စင်အမျိုးမျိုးရှိရာ ဘီယာရောင်းချခွင့်လိုင်စင်မှာ ကျပ်သိန်း ၉၀ ခန့်ရှိကြောင်း၊ ၀ီစကီအပါအ၀င် အရက်စုံ ရောင်းချခွင့်လိုင်စင်မှာ ကျပ်သိန်း ၇၀ ခန့်ရှိကြောင်း၊ ဘီယာနှင့် အရက်မျိုးစုံရောင်းချနေသူများထံမှ သိရသည်။

''လိုင်စင်တွေပိတ်လိုက်ပြီးကတည်းက တနှစ်ပြီးတနှစ် ဈေးတက်လာတယ်။ ဘီယာအရက်ရောင်းချင်တဲ့သူက များလာတာကိုး။ ပြီးခဲ့တဲ့နှစ်က ဘီယာရောင်းချခွင့်လိုင်စင်က ကျပ်သိန်း ၇၀ လောက်ပေါက်ခဲ့တယ်''ဟု ဘီယာ အရက်ရောင်း ၀ယ်ရေးဈေးကွက်အတွင်း လုပ်ကိုင်နေသူတဦးက ပြောကြားသည်။

လိုင်စင်ချထားပေးမှု ရပ်တန့်လိုက်သော်လည်း မြို့နယ်ပြောင်းဖွင့်လှစ်လိုပါက ခွင့်ပြုကြောင်း ကျောက်တံတားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။

''ကျွန်တော်တို့ကတော့ သက်ဆိုင်ရာထောက်ခံချက်ပြည့်စုံရင် အထက်ကို ဆက်ပြီး တင်ပြပါတယ်။ ဒါကလည်း ခက်တယ်ဗျာ။ နှစ်ဦးနှစ်ဖက်က ရောင်းချတယ်လို့ မပြောကြပါဘူး။ လိုင်စင်ကို ရောင်းချတယ်ဆိုရင်တော့ ကျွန်တော်တို့ ပိတ်သိမ်းပါတယ်။ ဒါက သိမ်မွေ့ပါတယ်။ လက်လွှဲရောင်းချမှုအပြင် ပေါက်ဈေးကို ထိန်းချုပ် လို့မရဘူး။ နှစ်ဦးသဘောတူပြုလုပ်မှုဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယစ်မျိုးလိုင်စင် လွှဲပြောင်းရောင်းချမှုအဆင့်ဆင့်ဖြစ်လာသောကြောင့် ယခုလို ဈေးနှုန်းဖြစ်လာခြင်းဖြစ်ကြောင်း၊ အချို့မှာ ဘီယာသောက်သုံးမှုနည်းသော မြို့နယ်တွင် ဘီယာရောင်းချမှုလိုင်စင် လျှောက်ထားသော်လည်း ဆိုင်မရှိကြောင်း၊ ဘီယာ သောက်သုံးမှုများပြီး လူနေထူထပ်သော မြို့နယ်များတွင် ဘီယာဆိုင်များ မှိုလို ပေါက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဘီယာဆိုင်မန်နေဂျာတဦးက သုံးသပ်ပြောကြားသည်။

လိုင်စင်တည်နေရာပြောင်းမှုနှင့် ပတ်သက်ပြီး ကာယကံရှင်အနေဖြင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ ပတ်ဝန်းကျင် နေထိုင်သူကန့်ကွက်မှုမရှိ ထောက်ခံချက် များဖြင့် လျှောက်လွှာတင်လျှောက်ရကြောင်း သိရသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ယစ်မျိုးလိုင်စင်ချပေးမှု ရပ်တန့်ထားသောကြောင့် လက်လွှဲလက်ပြောင်း ဈေးကွက်တွင် ကျပ်သိန်း ၁၀၀ နီးပါး ပေါက်ဈေးရှိ  ယစ်မျိုးလိုင်စင်ချပေးမှု ရပ်တန့်ထားသောကြောင့် လက်လွှဲလက်ပြောင်း ဈေးကွက်တွင် ကျပ်သိန်း ၁၀၀ နီးပါး ပေါက်ဈေးရှိ Reviewed by THITHTOOLWIN on 13:21 Rating: 5
Powered by Blogger.