အရက်သောက်ပြီး စကားများရာမှ သံတုတ်ဖြင့် ရိုက်နှက်ခံရသူသေဆုံး


ရန်ကုန် ဇူလိုင် ၂

ရွှေပြည်သာမြို့နယ်တွင် အရက်သောက်ပြီး စကားများရာမှသံတုတ်ဖြင့် ရိုက်နှက်ခံရသဖြင့် သေဆုံးသွားခဲ့ရသောဖြစ်စဉ်တစ်ခု ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် (ထ/၁၆) ရပ်ကွက် ဧရာရွှေပြည်(၄)လမ်း အမှတ်---နေ ဒေါ်နော်ဟဲထာသည် အလုပ်ကိစ္စဖြင့် မြို့ထဲသို့ သွားရောက်ပြီး ဇွန် ၂၉ ရက် ည ၈ နာရီတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် နေအိမ်အခန်း ထဲ၌ ခင်ပွန်းဖြစ်သူ ဦးစောသာဝါး (၄၅နှစ်) လိပ်စာတူအား ဦးခေါင်းနောက်စေ့ဖူးရောင်၊ ဝဲယာမျက်ကွင်းညိုမည်း၊နဖူးထိပ်ဝဲဘက်ပေါက်ပြဲ ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရကြောင်း၊ အကျိုးအကြောင်းမေးမြန်းရာ စကားမပြောနိုင် သဖြင့် ပြုစုပေးခဲ့ကြောင်း၊ ဇွန် ၃ဝ ရက် နံနက် ၆ နာရီတွင် အိမ်နီးချင်းဖြစ်သူ ဒေါ်--- နှင့် အတူ ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်သို့ သွားရောက်စုံစမ်းခဲ့ကြောင်း၊ ထိုသို့ စုံစမ်းရာတွင် ဇွန် ၂၉ရက် ည ၇နာရီခွဲက ယင်းစားသောက်ဆိုင် ၌ ခင်ပွန်းဖြစ်သူအား စန်းဝင်း(ခ)ကိုးချောင်း (၄၉ နှစ်)ကျပန်း စမ်းချောင်းလေးကျေးရွာ ရွှေပြည်သာ မြို့နယ်နေသူနှင့် ၄င်း၏သားဖြစ်သူ အောင်စိုးဦး (ခ)ကုလား (၁၈နှစ်)လိပ်စာတူတို့က အရက် သောက်ရင်း စကားများရာမှ သံတုတ်ဖြင့်ရိုက်နှက် သောကြောင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်နော်ဟဲထာက နေအိမ်သို့ပြန်လာခဲ့ရာ အိမ် ပြန်ရောက်ချိန်တွင် ခင်ပွန်းဖြစ်သူသည် အိပ်ရာ ထဲ၌သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇွန် ၃ဝ ရက် နံနက် ၉နာရီခွဲက ရဲစခန်းသို့ သွားရောက်ကာ တရားလိုပြုလုပ်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်နော်ဟဲထာ၏ တရားလိုပြုလုပ်တိုင်တန်းချက်အရ နမစ(လှော် ကား)မှ (ပ)၃၁၆/၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂၊ ၁၁၄ဖြင့် အမှုဖွင့်ပြီး အမှုစစ်စခန်းမှူး ရဲအုပ်လှမြင့်မှ တရားခံများကို ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဝင်းဦး
The Union Daily
https://www.facebook.com/uniondaily.net
အရက်သောက်ပြီး စကားများရာမှ သံတုတ်ဖြင့် ရိုက်နှက်ခံရသူသေဆုံး  အရက်သောက်ပြီး စကားများရာမှ သံတုတ်ဖြင့် ရိုက်နှက်ခံရသူသေဆုံး Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.