လှိုင်မြစ်အတွင်း သင်္ဘောများကို ညပိုင်းတွင် လုယက်သောအဖွဲ့အား ဖမ်းဆီး


ရန်ကုန် ဇူလိုင် ၂၅

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်အား ပိုင်းခြားထားသော လှိုင်မြစ်အတွင်း ရပ်နားထားသည့် ကုန်တင် သင်္ဘောများပေါ်သို့ ညနက်ပိုင်းတွင်တက်ရောက်ကာ တုတ်၊ ဓားတို့ဖြင့် ခြိမ်းခြောက် လုယက်နေသောအဖွဲ့အား ဇူလိုင်၂၃ ရက် နံနက် ၅ နာရီခွဲက ပန်းလှိုင်မြစ်ကမ်းအနီး ကျူးကျော်တဲအနောက်ဘက်ရှိ ပြွန် တံတားသို့ ဆိုက်ကပ်လာသော စက်လှေပေါ်မှ လူသုံးဦးအား ကင်းပုန်းဝပ် စောင့်ဆိုင်းနေသော ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ လက်နက်များနှင့်အတူ လုယက်ရာမှ ရရှိလာသောပစ္စည်းများပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက် ည ၁၁ နာရီခန့်က အပြင်ပဒံကျေးရွာ ဆိပ်ကမ်းသာလမ်းမ ပန်းလှိုင်မြစ်ဘေး ကျူးကျော်တဲ (ဦးသန်းလှိုင်ကျူးကျော်တဲ)သို့ မသင်္ကာဖွယ် ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်ရှိလာကာ အသင့်ဆိုက် ကပ်ထားသည့် စက်လှေဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲလွင်စိုး၏ ကြီးကြပ်မှုဖြင့် အဖွဲ့ သုံးဖွဲ့ ခွဲ၍ ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ရာ ဇူလိုင်၂၃ ရက် နံနက် ၅ နာရီခွဲတွင် အဆိုပါစက်လှေမှာ ကျူးတဲနောက်ဘက်ရှိ ပြွန်တံတားတွင် ဆိုက်ကပ်ပြီး မသင်္ကာဖွယ် လူသုံးဦး ကုန်းပေါ် တက်၍ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ခွာရန်ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ စိုးကျော်သူ(ခ) ချစ်မင်းသူ (၂၅ နှစ်) ကြည့်မြင်တိုင်နှင့် ညီညီ(၁၉ နှစ်) အတွင်းပဒံကျေးရွာတွင် နေထိုင်သူတို့ကို ဖမ်းဆီးရရှိခဲ့ပြီး ညီညီ၏ အစ်ကိုဖြစ်သူ ကိုကို(၂၀ နှစ်)မှာ မြစ်အတွင်း ခုန်ဆင်းလွတ်မြောက်သွား သည့်အတွက် ၎င်းနေထိုင်ရာ အတွင်းပဒံကျေးရွာ မြအေးကြည် လမ်းမှ ရဲတပ်ကြပ် စည်သူနှင့် အဖွဲ့က စောင့်ဆိုင်းဖမ်းဆီး ခဲ့သည်။

လှိုင်မြစ်နှင့် ရန်ကုန်မြစ်အတွင်း ညပိုင်းတွင် ရပ်နားထားသည့် သင်္ဘောများပေါ်သို့တက်၍ ခြိမ်းခြောက် လုယက် နေသော အဆိုပါအဖွဲ့ထံမှ ဓားရှည် သုံးချောင်း၊ သံပိုက်လုံး တစ်ချောင်း၊ လေးခွ လေးလက်နှင့် စက်လှေတစ်စင်းကို သိမ်းဆည်းရမိပြီး စက်လှေပေါ်မှ ဆိုင်ကယ် နှစ်စီး၊ ဖုန်းလေးလုံးနှင့်၊ ငွေကျပ် နှစ်သိန်း ခွဲတို့ကို သိမ်းဆည်းရမိရာ ယင်းနေ့ ညတွင် လှိုင်မြစ် အတွင်းရှိ ကျောက်ချရပ်နားထားသော သင်္ဘောများပေါ်မှ လုယက်ရရှိခဲ့ သော ငွေနှင့်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

စက်လှေပေါ်ပါသူ လေးဦးအနက် စက်ဆန်းဆိပ်ကမ်းတွင် ဆင်းကျန်ခဲ့သော ဇင်ကို(၂၀ နှစ်)အား စက်ဆန်း ရပ်ကွက် န၀ဒေးလမ်းရှိ ၎င်း၏အိမ်တွင် နယ်မြေခံစခန်းမှူး ရဲအုပ် မျိုးကျော်(ခေတ္တစခန်းမှူး )က ဇူလိုင် ၂၄ ရက်က ဖမ်းဆီးရမိခဲ့ သည့်အတွက် လုယက်သူလေးဦး (အောက်ပုံ) အား သောင်ကြီး နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားသည်။

ရန်ကုန်မြစ်နှင့် ပန်းလှိုင်မြစ်အတွင်းရှိ သင်္ဘောများပေါ်သို့ တက်ရောက်၍ လက်နက်ကိုင်ဆောင်လုယက်မှုများ ကျူးလွန် ခဲ့သောအဖွဲ့မှာ ကြည့်မြင်တိုင်မြို့နယ်၊ ဒလမြို့နယ်နှင့် ရွှေ ပြည်သာ မြို့နယ်တို့တွင်လည်း မြစ်ကြောင်းအတွင်း ရပ်နားထားသည့် သင်္ဘောများမှ လုယက်ခဲ့မှုများကို ရဲတပ်ဖွဲ့မှ စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပြီး ရွှေပြည်သာရဲတပ်ဖွဲ့က အရေးယူထားကာ မြစ်ကြောင်းအတွင်း အခက်အခဲကြုံပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့တွင် ၂၄ နာရီ ဖွင့်လှစ်ထားသည့် ၁၉၉ နှင့် ၀၁-၂၃၂၃၁၉၉ သို့ မည်သည့်အချိန်မဆို အကူအညီ တောင်းခံ နိုင်ကြောင်း သိရသည်။

သန်းထိုက်(လှိုင်သာယာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လှိုင်မြစ်အတွင်း သင်္ဘောများကို ညပိုင်းတွင် လုယက်သောအဖွဲ့အား ဖမ်းဆီး  လှိုင်မြစ်အတွင်း သင်္ဘောများကို ညပိုင်းတွင် လုယက်သောအဖွဲ့အား ဖမ်းဆီး Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.