ပင်လယ်အတွင်းမျောပါလာသောပုံးအတွင်းမှ အရက်နံ့ရအရည် သောက်သုံးရာမှ သေဆုံး


ကော့သောင်း ဇူလိုင် ၂၇

ကော့သောင်းမြို့ အရှေ့ဘက် လိပ်ကျွန်းကျေးရွာတွင် ပင်လယ်အတွင်း မျောပါလာသည့် ပုံးအတွင်းမှ အရက်နံ့ရအရည်ကို သောက်သုံးမိရာမှ ရွာသားတချို့ သေဆုံးခဲ့မှု ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လိပ်ကျွန်း အရှေ့ဘက် ပင်လယ်ပြင်တွင် ထိန်လင်းအောင်သည် ငါးဖမ်းနေစဉ် ပင်လယ်အတွင်း မျောပါလာသည့် ရှစ်ဂါလန်ဆံ့ စိမ်းပြာရောင်ပုံးတစ်ပုံးကို တွေ့ရှိ ဆယ်ယူခဲ့ရာ အရက်နံ့ရသော အဖြူ ရောင်အရည်များ အပြည့်ပါလာသဖြင့် ကျေးရွာသို့ ယူဆောင်လာခဲ့သည်။

အဆိုပါအရည်များကို ရေနှင့် ရောစပ်ပြီး ခွေးကိုတိုက်ရာ ခွေးမှာ ထူးခြားမှုမရှိသဖြင့် အရက်ဆီဟု ထင်မှတ်၍ တစ်ရွာတည်းနေ အောင်ကိုစိုင်းနှင့်အတူ အဆိုပါနေ့ ညပိုင်းတွင် ဘုန်းကြီးကျောင်းလမ်းတွင် သောက်သုံးခဲ့ကြသည်။

 အလားတူ နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ကျန်သည့် အရည်အား ၀င်းအောင်၊ ထိန်လင်းအောင်နှင့် စိုးဝင်းဌေးတို့ သုံးဦး ထပ်မံသောက်သုံးခဲ့ရာ ဝင်းအောင်နှင့် ထိန်လင်းအောင်တို့ နှစ်ဦးမှာ ပိုမိုသောက်သုံးခဲ့ကြောင်း၊ ညပိုင်းတွင် ၄င်းတို့နှစ်ဦးသည် အော့အန်သဖြင့် အောင်ဘာတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ထိန်လင်းအောင်မှာ သေဆုံးသွားခဲ့သည်။

 ဝင်းအောင်မှာ ကော့သောင်း ဆေးရုံတွင် ကုသမှုခံယူစဉ် ထပ်မံသေဆုံးသွားခဲ့သည်။

 စိုးဝင်းဌေးမှာ ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီ တွင် ဗိုက်အောင့်လာသဖြင့် ကော့သောင်းဆေးရုံတွင် ကုသလျက် ရှိပြီး အောင်ကိုစိုင်းမှာ အနည်းငယ် သာ သောက်သုံးခဲ့သဖြင့် မူးဝေခြင်းမျှသာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပင်လယ်အတွင်းမျောပါလာသောပုံးအတွင်းမှ အရက်နံ့ရအရည် သောက်သုံးရာမှ သေဆုံး  ပင်လယ်အတွင်းမျောပါလာသောပုံးအတွင်းမှ အရက်နံ့ရအရည် သောက်သုံးရာမှ သေဆုံး Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.