မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ အမြင့်ဆုံး ရေမှတ်ကို ရောက်ရှိ

ဒီနှစ်မိုးရာသီအတွက် မြစ်ကြီးနားမြို့ရဲ့အမြင့်ဆုံးရေမှတ် ၉၇၀ စင်တီမီတာကို ရောက်ရှိခဲ့တဲ့ ဧရာဝတီမြစ်ကို ဇူလိုင်လ ၄ ရက်နေ့ နေ့လည်ပိုင်းကတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
မြန်မာနိုင်ငံမြောက်ဖျား မေခနဲ့ မလိခမြစ်တွေရှိတဲ့ ပူတာအိုမြို့နယ်နဲ့ ချီဖွေမြို့နယ်တို့မှာ မိုးကြီးနေတာကြောင့် ဒီနှစ်မိုးရာသီအတွက် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ မနက်ပိုင်းမှာ အမြင့်ဆုံး ရေမှတ် ၉၇၀ စင်တီမီတာ ကိုရောက်ရှိခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ အမြင့်ဆုံးရေမှတ် ၉၇၀ အထိရောက်ရှိခဲ့ပြီး ညနေပိုင်းမှာ ၉၆၀ ကိုပြန်ကျနေတယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနမှူး ဦတင်ထိုက်က ပြောပါတယ်။

ဒီနှစ်ဟာ ပြီးခဲ့တဲ့နှစ်ထက်စာရင် မိုးကြီးတဲ့အတွက် ပြီးခဲ့တဲ့ မိုးဦးကာလကလည်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ မြစ်ရေတက်လာတဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း ဆင်ဘို၊ ဗန်းမော်၊ ရွှေကူ၊ ကသာ စတဲ့မြို့တွေမှာလည်း ဧရာဝတီမြစ်ရေဟာ အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်နားအထိ ရောက်နိုင်တယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က မြစ်ချောင်းကမ်းပါးတွေအနီးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ရေလမ်းခရီးတွေမှာ သတိထားသွားလာကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဋ္ဌာနက သတိပေးထားပါတယ်။

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ဟာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး မြစ်ကြီးနားမြို့မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ဧရာဝတီမြစ်ရေကြီးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ အမြင့်ဆုံး ရေမှတ်ကို ရောက်ရှိ  မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ အမြင့်ဆုံး ရေမှတ်ကို ရောက်ရှိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.