နေရဉ္စရာချောင်းမှ တောင်ကျရေများ အလုံးအရင်းနှင့် စီးဆင်း ခဲ့သည့်အတွက် ကားနှစ်စီးရေမြုပ်၊ လူများအန္တရာယ် ရှိမရှိမသိရသေး
ချင်းပြည်နယ်မှ မြစ်ဖျားခံလာသောနေရဉ္စရာချောင်းမှ တောင်ကျရေများ ဇူလိုင်လ ၃ရက် ယနေ့နံနက် ၈နာရီခန့်တွင် အလုံးအရင်းနှင့် စီးဆင်းခဲ့ကြောင်းသိရသည်။
‘‘မနက်၈နာရီလောက်တုန်းက နေရဉ္ဖရာချောင်းကနေ ကြောက်စရာကောင်းလောက်အောင်ရေတွေက တဝုန်းဝုန်းနဲ့ စီးဆင်းလာတာကိုတွေ့ရပါတယ်။သဘာဝမြေပြိုဆည်ကနေပေါက်ထွက်လာတာလား တောင်ထင်ရတယ်’’ဟု ချောင်းနေဘေးရှိ ဆင်ခေါင်းဦးခင်မောင်ဆွေက ပြောသည်။
အဆိုပါတောင်ကျချောင်းရေများ အလုံးအရင်းနှင့်စီးဆင်းလာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည်၏ အထက်ဘက်တွင် တည်ဆောက်နေသောနှုံးတားဆည်သုံးခုအနက် အမှတ်(၂) နုန်း တားဆည်မှ လုပ်ငန်းခွင်သုံးကားနှစ်စီးရေမြုပ်သွားကြောင်း သိရသည်။
‘‘ဆည်အနေနဲ့ကတော့ စိုးရိမ်စရာမရှိပါဘူး။ အထက်မြေပြိုဆည်ကျိုးပေါက်တာလား သူ့ဘာသာ သဘာဝအတိုင်းစီးတာလားတော့မသိရသေးပါဘူး။ အမှတ်(၂)နုန်းတားဆည်ကလုပ်ငန်းခွင်သုံးကား နှစ်စီးရေမြုပ်သွားပါတယ်’’ဟုဆည်မြောင်းဦးစီးဌာန၊ ရာဇဂြိုလ်ရေလှောင်ဆည်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောသည်။
အဆိုပါတောင်ကျချောင်းရေစီးဆင်းမှုဖြစ်စဉ်တွင် ကလေးမြို့နယ်အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများအပါအ၀င် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲများစောင့်ကြည့်ကူညီပေးလျက်ရှိပြီး တောင်ကျချောင်းရေစီးဆင်း လာသည်ကို မသိဘဲ ချောင်းအတွင်းဆင်းကာ အလုပ်လုပ်နေကြသူများ၊ ချောင်းကိုဖြတ်ကူး နေသူများမှာ အန္တရာယ်ရှိနိုင်သော်လည်း အန္တရာယ်ဖြစ်ပွားခဲ့ခြင်းရှိမရှိကိုမူ ဇူလိုင်သုံးရက်နေ့ ၁၂နာရီအချိန်အထိမသိရသေး ကြောင်း သိရသည်။
တောင်ကျချောင်းရေ မ၀င်သေးခင်ကနံနက်ပိုင်း ၈နာရီဝန်းကျင်က ရာဇဂြိုလ်ဆည်၏ ရေပမာဏမှာ ၆၄၁ ပေ ရှိပြီး ၁၁နာရီ ၄၅မိနစ်အချိန်ခန့်တွင် ရာဇဂြိုလ်ဆည်၏ရေပမာဏမှာ ၆၅၁ပေရှိကြောင်း သိရှိရသည်။နေ့လည် ၁၂နာရီခန့်တွင် စိုးရိမ်ရေမှတ်ဖြစ်သည့် ပေပေါင်း ၆၆၀သို့မရောက်ရှိဘဲ ရေများပြန်လည်လျော့ နည်း သွားရာ ပေပေါင်း ၆၄၈သို့ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။၂၀၁၅ခုနှစ်သြဂုတ်လဆန်းတွင်လည်း တောင်ကျရေစီးစင်းမှုကြောင့်ရာဇဂြိုလ်ဆည်ရေပိုလွှဲတံတားကျိုးသွားခဲ့ပြီးရွာပေါင်း၂၀ရွာကျော် ရေလွှမ်း ခဲ့သေးသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
နေရဉ္စရာချောင်းမှ တောင်ကျရေများ အလုံးအရင်းနှင့် စီးဆင်း ခဲ့သည့်အတွက် ကားနှစ်စီးရေမြုပ်၊ လူများအန္တရာယ် ရှိမရှိမသိရသေး
Reviewed by THITHTOOLWIN
on
19:20
Rating:
