ခန္တီးမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာ(၆) ရွာ သို့ ချင်းတွင်းမြစ်ရေ စတင်ဝင်ရောက်နေ


မုံရွာ၊ ဇူလိုင်-၆

ယခုလဆန်းမှစပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ချင်းတွင်းမြစ်ရေ ရုတ်တရက်မြင့်တက်ကာခန္တီးမြို့ပေါ်ရှိ ရပ်ကွက်ကြီး (၃)ခုနှင့် ကျေးရွာ(၆) ရွာသို့ ချင်းတွင်းမြစ်ရေ စတင်ဝင်ရောက် နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ခန္တီးမြို့အနီး ချင်းတွင်းမြစ်ရေသည် လက်ရှိတွင် ၁၄၀၀ စင်တီမီတာ သို့ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာထက် ၄၀ စင်တီမီတာ ခန့် ကျော်လွန်နေကြောင်း မိုးလေ၀သနှင့်ဇလဗေဒဌာနက ထုတ်ပြန်လိုက်သည်။

“ ချင်းတွင်းမြစ်ရေက မနေ့က တိုးတာတော်တော်မြန်တယ် မိုးကလည်း ဆက်တိုက်ရွာနေတယ် ခန္တီးမြို့ပေါ်မှာ နှစ်ရပ်ကွက်ပဲ ရေမ၀င်တော့တာ ဈေးတွေလည်း ပိတ်ထားရတယ် ရေ၀င်တဲ့အရပ်ကသူတွေလည်း ကိုယ့်ဘာသာ ပြောင်းနေရတယ်”ဟု ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ခန္တီးမြို့နယ်မှ ရေ၀င်ရောက်မှုတင်ပြသော သတင်းများအရ ပေါမိုင်းရပ်ကွက်တွင် အိမ်ခြေ ၉၈ အိမ်၊ မြို့မရပ်ကွက် မြေနိမ့်ပိုင်းတွင် အိမ်ခြေ ၆၇ အိမ် ရေ၀င်ရောက်နေပြီး ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကင်းတော်ရွာ၊ ဆင်သေရွာ၊ ကချင်ရွာ၊ ရွှေမြင့်မိုရ်ရွာ၊ ကောင်းဟိန်းကျေးရွာနှင့် စိန်နန်းကျေးရွာ တို့တွင်လည်း ချင်းတွင်းမြစ်ရေ ၀င်ရောက်နေပြီဖြစ်သည်။

ယမန်နေ့ (ဇူလိုင်လ ၅ ရက်) ညနေ ၃ နာရီအချိန်တွင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန( နေပြည်တော် ) ၏ ထုတ်ပြန်ချက်များအရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် စိုးရိမ်ရေမှတ်ထက် ပေ၀က်ခန့်စီ ကျော်လွန်နေသည်ဟု ထုတ်ပြန်ထားသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့်နှင့် ဟုမ္မလင်းမြို့တွင် နောက်နှစ်ရက်အတွင်း ၂ ပေခန့် ဆက်လက် မြင့်တက်လာနိုင်ပြီး ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက် တည်ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။

Photo-Aung San Myint
Monywa Gazette
https://www.facebook.com/chindwingazet
ခန္တီးမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာ(၆) ရွာ သို့ ချင်းတွင်းမြစ်ရေ စတင်ဝင်ရောက်နေ  ခန္တီးမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာ(၆) ရွာ သို့ ချင်းတွင်းမြစ်ရေ စတင်ဝင်ရောက်နေ Reviewed by THITHTOOLWIN on 13:52 Rating: 5
Powered by Blogger.