အာဖရိက ဆင်နဲ့ကြံ့ အများကြီး သတ်ဖြတ်ခံရ

 မလေးရှားမှာ ဖမ်းမိတဲ့ အာဖရိက ဆင်စွယ်တွေ
အာဖရိက ဆင်တွေ နှစ်စဉ် အကောင်ရေ သုံးသောင်းလောက် အသတ်ခံနေရပြီး ပြီးခဲ့တဲ့ ဆယ်နှစ် အတွင်းမှာ အာဖရိက ကြံ့အကောင်ရေ ခြောက်ထောင်လောက် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတယ်လို့ Cites လို့ခေါ်တဲ့ Convention on Internationall Trade in Endangered Species က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ဆင်တွေကို ဖမ်းဆီး သတ်ဖြတ်တာကတော့ အရှေ့အာရှ နိုင်ငံတွေမှာ ဆင်စွယ်နဲ့ လုပ်တဲ့ ရုပ်ထုကို တန်ဖိုးထားကြသလို ကြံ့ချို ကြံ့သွေး ဆိုတာကလဲ အရှေ့အာရှမှာ တိုင်းရင်းဆေးအဖြစ် တကယ့်ကို အသုံးဝင်တာ ဖြစ်ပါတယ်။ ဈေးကွက်ကလဲ အထူးသဖြင့် တရုတ် နဲ့ ဗီယက်နမ် ကို ပို့ကြတာပါ ။

ဒါနဲ့ ပတ်သက်လို့အခုလို အကြီးအကျယ် တောရိုင်း တိရစ္ဆာန် ဖမ်းဆီး သတ်ဖြတ် ရောင်းဝယ်မှုမှာ အဓိက ပါဝင် လှုပ်ရှားနေတာကတော့ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံသားတွေဖြစ်တယ်လို့ ဒီကိစ္စကို သုတေသနပြု လုပ်နေသူတွေက ပြောပါတယ်။

အခုလို ဆင်စွယ်နဲ့ ကြံ့ချို ရောင်းဝယ်မှုမှာ သက်ဆိုင်ရာ နိုင်ငံတွေက အဆင့်မြင့် အရာရှိကြီးတွေလည်း ပါဝင် ပတ်သက်နေတော့ သားရိုင်း တိရစ္ဆာန် တရားမ၀င် ဖမ်းဆီးမှုကို ဆန့်ကျင်တိုက်ဖျက်နေသူတွေ အတွက် တကယ့်ကို စိန်ခေါ်မှုကြီးတရပ် ဖြစ်နေပါတယ်။ သူတို့ဟာ တရားမ၀င် ဖမ်းဆီးလို့ ရတဲ့ ဆင်က ရတဲ့ ဆင်စွယ်တွေကို အာဖရိကနဲ့ အာရှ ကို ကုန်စည်တရပ် အဖြစ် အကြီးအကျယ် ပို့ဆောင် ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

တောရိုင်း တိရစ္ဆာန် ရောင်းဝယ်မှု စုံစမ်း တိုက်ဖျက်ရေး အေဂျင်စီ Traffic အဖွဲ့ရဲ့ တွေ့ရှိချက်က ဆင်စွယ်ဖမ်းဆီးမှုတွေ အတွင်း တရုတ်နဲ့ ဗီယက်နမ် လူမျိုးတော်တော်များများကို တိုးပြီး ဖမ်းဆီးခဲ့ပြီးတဲ့နောက် အခုလို ပြောတာ ဖြစ်ပါတယ်။

အာဖရိကတိုက်က အသေးဆုံး နိုင်ငံလေး တခုဖြစ်တဲ့ တိုဂို ဟာ အာရှကို ဆင်စွယ် အများဆုံး လတ်တလော ပို့ဆောင်ခဲ့တယ်လို့ သုတေသန စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကင်ညာမှာ မီးရှို့ဖျက်ဆီးမယ့် ဆင်စွယ်နဲ့ ဆင်စွယ် ပန်းပုတွေ

ထိုင်းနဲ့ မြောက်ကိုရီးယား တချို့ကို ဖမ်းမိ

စစ်တမ်းကောက်သူတွေ အပြောအရ ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြောက်ကိုရီးယား နိုင်ငံသား တချို့ကိုလည်း ဖမ်းမိထားလို့ ဆိုပါတယ်။ လတ်တလောမှာ အာရှက ရာဇဝတ်ဂိုဏ်းတွေနဲ့အတူ ဒေသတွင်းက နိုင်ငံရေး နဲ့ စီးပွားရေး အရှိန်အဝါ ကြီးသူတွေလည်း ဒီ ဆင်စွယ် ရောင်းဝယ်မှုမှာ ပါဝင် ပတ်သက်တာ တွေ့ရတယ်လို့ Cites အဖွဲ့က ပြောပါတယ်။

အန်ဂိုလာ ၊ ကွန်ဂို ၊ အိုင်ဗရီ ကိုးစ် ၊ ဒီမိုကရက်တစ် ကွန်ဂို ၊ မိုဇမ်ဘစ် ၊ နိုင်ဂျီးရီးယား ၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေ နိုင်ငံတွေ အပါအ၀င် ဒီ အာဖရိက အခြေစိုက် ဆင်စွယ် ထုတ်လုပ် ရောင်းဝယ်မှုကို တရုတ်တွေက ပိုတိုးပြီး တိုက်ရိုက် ပါဝင်လှုပ်ရှားလာတာ တွေ့ရတယ်လို့လည်း အဲဒီ အဖွဲ့က ဆိုပါတယ်။

ဒီအန်အေ စစ်ဆေးမှုတွေ အရ တိုဂို နိုင်ငံက ပို့လိုက်တဲ့ ဆင်စွယ်တွေ ဖြစ်တဲ့ အတွက် ဒါဟာ သမုဒ္ဒ တိုက်ကြီးတွေကို ဖြတ်ကျော်ပြီး ကူးသန်းရောင်းဝယ်နေကြတယ် ဆိုတာကို ပြနေတယ်လို့ Traffic အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် အာဖရိကမှာ ဆိုရင် အာဏာပိုင်တွေက အောက်ခြေ အသေးစား ရောင်းဝယ်နေသူတွေကိုဘဲ ဖမ်းဆီးပြီး ကြီးကြီးမားမား လုပ်နေသူတွေကို ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသလို ထုနဲ့ထည်နဲ့ လုပ်နေသူတွေကလည်း အဆင့်မြင့် အရာရှိကြီးတွေကို လာဘ်ပေးယူမှု တွေ ရှိတာ တွေ့ရတယ် ၊ ဒါတွေကို တိုက်ဖျက်ဖို့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ကြီးဖွဲ့ပြီး လုပ်ဆောင်တာတွေလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

အခု လေ့လာတွေ့ရှိချက် အစီရင်ခံစာကို လာမယ့် စက်တင်ဘာမှာ တောင်အာဖရိကမှာ ကျင်းပမယ့် Cites ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့ရဲ့ ညီလာခံမှာ တင်သွင်းမယ်လို့သိရပါတယ် ။

BBC Burmese
http://www.bbc.com/burmese
အာဖရိက ဆင်နဲ့ကြံ့ အများကြီး သတ်ဖြတ်ခံရ  အာဖရိက ဆင်နဲ့ကြံ့ အများကြီး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.