ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှင့် ရေနံဈေး မြင့်တက်မှုကြောင့် ဒေါ်လာဈေး ကျဆင်းနေရခြင်း ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀န်းမှ သိရသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ပြင်ပဈေးကွက်တွင် ၁၁၆၇ ကျပ်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၁၈၃ ကျပ်ဖြစ်ခဲ့ရာ ၅ ရက်အတွင်း ၁၆ ကျပ်ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုများကြောင့် ဒေါ်လာဈေးသည် မတက်သင့်ဘဲ တက်နေရကြောင်း ပုံမှန်အားဖြင့် ဒေါ်လာဈေးသည် ယခုကျနေသည့် ဈေးလောက်ပင် မတက်သင့်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။
“ငွေကြေးဖောင်းပွတာကလဲ အမှန်တော့ ဘတ်ဂျက်သုံးတာများလို့ပါ။ အစိုးရက သုံးတဲ့ငွေကြေးတွေက ပြည်သူထဲကိုပဲ ရောက်တဲ့အတွက် ငွေကြေးဖောင်းပွတာတွေ ဖြစ်လာတာပါ။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့က အခုမြန်မာနိုင်ငံမှာ Stock & Share ဆိုတဲ့ ငွေကြေးဈေးကွက် ပေါ်လာပါပြီ။ ဒီငွေကြေးဈေးကွက်က ငွေကြေးဖောင်းပွမှုကို အနည်းနဲ့အများ ထိန်းချုပ်နိုင်မှာပါ” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က The Ladies သို့ ပြောကြားသည်။
ငွေကြေးဖောင်းပွမှု ထိန်းချုပ်မှုသည် ဗဟိုဘဏ်တွင် အဓိက တာဝန်ရှိသည်ဖြစ်ရာ ငွေစုအတိုးနှုန်းကို တိုးမြှင့်ပေးပါက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဦးလှမောင်က ဒေါ်လာဈေးကျမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ပြည်ပမှ ငွေကြေးအကူအညီများ ကူညီရာတွင်လည်း အမှန်တကယ် အသုံးပြုရာတွင် မြန်မာကျပ်ငွေဖြင့်သာ အသုံးပြုရခြင်း ဖြစ်သောကြောင့် ဒေါ်လာသည် အစိုးရနှင့် ဗဟိုဘဏ်တို့တွင်သာ ရှိနေသောကြောင့် ပြည်ပမှ ၀င်ရောက်လာသော နိုင်ငံခြားငွေ အကူအညီကြောင့် ဒေါ်လာဈေးကျခြင်း မဟုတ်ကြောင်း ပြောကြားသည်။
ဝသန်
The Ladies News
https://www.facebook.com/News.TheLadies
ကမ္ဘာ့ရွှေဈေးနှင့် ရေနံဈေး မြင့်တက်မှုကြောင့် ဒေါ်လာဈေးကျဆင်း
Reviewed by THITHTOOLWIN
on
16:12
Rating:
