ပျက်စီးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးပေး ဖို့ တောင်းဆို

စိုက်ပျိုးထားတဲ့ သီးနှံတွေ ရေနစ်မြုပ် ပျက်စီးသွားတဲ့အတွက် လျော်ကြေးပေးဖို့ ဇူလိုင်လ ၁၇ ရက်နေ့က စေတုတ္တရာမြို့နယ်က ဒေသခံတွေ ဆန္ဒပြတောင်းဆိုနေစဉ်။ Photo: ကိုသန်းစိုး စေတုတ္တရာ/ Facebook
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်က ဒေသခံ ၅၀၀ ကျော်ဟာ ကြီးအုံကြီးရေလှောင် တမံကြောင့် ရေနစ်မြှုပ်ပျက်စီးသွားတဲ့ သီးနှံတွေ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။

ဆည်ရေတက်လာတာကြောင့် လယ်တွေထဲရေဝင်ပြီး သီးနှံတွေ ပျက်စီးသွားသလို မိုးရာသီဆို ရေကြီးရေလျှံတာတွေဖြစ်နေတဲ့အတွက် ဆည်ရေပိုလွှဲကို နှိမ့်ပေးဖို့တောင်းဆိုတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဦးသန်းစိုးကပြောပါတယ်။

ဆန္ဒပြပွဲမှာ စေတုတ္တရာမြို့ပေါ် ရပ်ကွက်တွေ၊ လယ်ပြင်စု၊ ပိတောက်မြိုင်၊ ရွာသစ်၊ခိုဝင်၊ညောင်ပင် ကိုင်း၊ မြေနီကုန်း၊ ကြီးအုံကြီးဝ စတဲ့ကျေးရွာတွေ ရွာသား ၅၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

ဒီလဆန်းလောက်က မိုးကြီးပြီး ကြီးအုံကြီးဝ ရေလှောင်တမံမှာ ရေတွေလျှံတက်လာတာကြောင့် စေတုတ္တရာမြိုနယ်က လယ်ယာမြေ ဧက၂ထောင်ကျော်မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေ ရေနစ်မြုပ် ပျက်စီးသွားတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ သီးနှံတွေ ပျက်စီးသွားတဲ့ တောင်သူတွေ မှာ စားဝတ်နေရေးနဲ့ စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း ပြောကြပါတယ်။

လက်ရှိ တိုင်းဒေသကြီးအစိုးရက ရေနစ်မြုပ်ပျက်စီးသွားတဲ့ လယ်ယာမြေဧကစာရင်းကို စုဆောင်းနေပြီး သီးနှံပျက်စီးသွားတဲ့တောင်သူတွေကို အကူအညီပေးနိုင် ဖို့ စီစဉ်နေတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပျက်စီးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးပေး ဖို့ တောင်းဆို ပျက်စီးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးပေး ဖို့ တောင်းဆို Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.