ဆရာတော် ဦးဝီရသူအား သာသနာ အကြည်ညိုပျက်စေမှုဖြင့် တာမွေရဲစခန်းတွင် အမှုဖွင့်ထား


သံဃာဝတ်နည်းနှင့်မလျှော်ညီသည့်အတွက် သာသနာအကြည်အညိုပျက်စေမှုဖြင့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး (မဘသ) ဦးဆောင်သံဃာတစ်ပါးဖြစ်သည့် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူအား တာမွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးအမိန့်ရ ပြည်တွင်းသက်တော်စောင့် ဥက္ကဌ ဦးဝင်းအောင်က ဇူလိုင် ၁၃ ရက်တွင် The Ladies သို့ပြောသည်။

“၁၁ရက်နေ့ညငါးနာရီခွဲကရဲစခန်းမှာအမှုဖွင့်ထားတယ် အမှုဖွင့်တယ်ဆိုတာတိုင်ချက်အရလက်မှတ်ထိုးထားပြီးပြီ သာသနာရေးဌာနကိုအကြောင်းကြားပြီးမှ ဟိုကခွင့်ပြုချက်လာမှ ပုဒ်မတပ်ရမယ် လူဝတ်လဲရမယ် လို့ရဲစခန်းကပြောတယ်”ဟု ဦးဝင်းအောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျိုက္ကစံကွင်းတွင် ကျင်းပသော ဟောပြောပွဲ အတွင်း အမျိုးသမီးတဦးအားဆဲဆို ပြောဆိုခဲ့မှု နှင့်ပတ်သက်၍ သံဃာဝတ်နည်းနှင့်မလျှော်ညီသည့်အတွက်သာသနာအကြည်အညိုပျက်စေမှုဖြင့် ဇူလိုင် ၁၁ ရက် ညနေ ငါးနာရီခွဲက တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျိုက္ကဆံကွင်းမှာဖြစ်တယ်ဆိုတော့ တာမွေအပိုင်ပေါ့သံဃာကသာသနာ ၊ဗုဒ္ဒဘာသာကို ညှိုးနွမ်းစေတယ် ထိခိုက်စေတယ် သံဃာ့ဝိနည်းနဲ့မညီ ဘဲ အမျိုးသမီးတွေကိုဆဲဆိုတယ် ၀ိနည်းနဲ့မညီလို့ ဒါကိုအဓိကထားပြီးအမှုဖွင့်တာ”ဟု ဦးဝင်းအောင်ကဆက်လက်ပြောဆိုခဲ့သည်။ဦးဝီရသူသည် ၂၀၁၅ ခုနစ်အတွင်းက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စရန်ဟီလီအား ရင့်သီးသည့် စကားလုံးများဖြင့် သုံးနှုန်းပြောဆိုခဲ့ပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ The Ladies ဂျာနယ်မှ သက်ဆိုင်ရာ တာမွေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အတည်ပြုရာတွင် ပြန်ကြားရေးတာဝန်ရှိသူက အစည်းအဝေးအတွင်းရောက်ရှိနေသဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးသို့ အတည်ပြုချက် သွားရောက်ရယူနိုင်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းက ပြန်လည်ဖြေကြားပြောဆိုခဲ့သည်။

ဆရာတော် ဦးဝီရသူမှာ ဘာသာခြားများအား အမုန်းပွားဖွယ် စကားများဖြင့် အမြဲသုံးနှုန်းဟောပြောလေ့ရှိပြီး လူမှုကွန်ယက်မီဒီယာများတွင်လည်း ဘာသာခြားများအား နှိမ့်ချရေးသားမှုများပြုလုပ်လေ့ရှိသည်ဟု လေ့လာသူများက ဆိုပါသည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
ဆရာတော် ဦးဝီရသူအား သာသနာ အကြည်ညိုပျက်စေမှုဖြင့် တာမွေရဲစခန်းတွင် အမှုဖွင့်ထား  ဆရာတော် ဦးဝီရသူအား သာသနာ အကြည်ညိုပျက်စေမှုဖြင့် တာမွေရဲစခန်းတွင် အမှုဖွင့်ထား Reviewed by THITHTOOLWIN on 23:28 Rating: 5
Powered by Blogger.