မြိုင်သာယာရပ်ကွက်တွင် နေအိမ်ပေါ်တက်၍ လူရိုက်သတ်မှုဖြစ်ပွား


မော်လမြိုင်၊ ဇူလိုင် ၃၀။ ။ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် မြိုင်သာယာရပ်ကွက်၊ ၁၃ လမ်း၊ အိမ်အမှတ် (၁၇၅၄) နေအိမ်ထဲကို ဇူလိုင် ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်က မျက်နှာအဝတ်စည်းထားသော အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး အိပ်ပျော်နေသော မိသားဝင်အားလုံးကို တုတ်ဖြင့်ဝင်ရိုက်သတ်ခဲ့သဖြင့် အသက် ၄၂ အရွယ် ဦးမျိုးလွင်မှာ ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း ရပ်ကွက်ဒေသခံများက ပြောသည်။

ယင်းနေအိမ်တွင် သေဆုံးခဲ့သူ ဦးမျိုးလွင်နှင့်အတူ မိခင်ဒေါ်ခင်ရွှေနှင့် သမီးမဆုစန္ဒီတို့ အတူနေထိုင်ကြပြီး ဦးမျိုးလွင်၏ အော်သံကြောင့် မိခင်ဖြစ်သူနှင့် သမီးဖြစ်သူက ထကြည့်ခဲ့ရာ၌ အသက် ၃၀ နှစ် (ခန့်မှန်း) အရွယ် မျက်နှာကို အင်္ကျီအမဲစည်းထားသော အမျိုးသားတစ်ဦးက ၎င်းတို့နှစ်ဦးကိုပါ တုတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့ကြောင်း မြိုင်သာယာနယ်မြေ ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။


ထိုအမျိုးသားသည် ဖခင်ဖြစ်သူနှင့် အဖွားဖြစ်သူကို ရိုက်နှက်ပြီး မဆုစန္ဒီကို ထပ်မံရိုက်နှက်မှုကြောင့် မဆုစန္ဒီက အသံမထွက်ရဲတော့ပဲ မေ့ချင်ယောင်ဆောင်နေခဲ့ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ မရွှေမာလွင်ကပြောပြသည်။

“ကယ်ကြပါအုံး သူခိုး၊ သူခိုး”ဟု အော်ဟစ်အကူအညီတောင်းခံသော အသံကြောင့် ၎င်းပတ်ဝန်းကျင်တွင် နေထိုင်သော ဦးမျိုးလွင်နှင့် ညီတော်စပ်သူ ကိုမျိုးနိုင်က ရောက်ရှိလာပြီး မျက်နှာစည်းထားသောသူကို လိုက်လံဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ကိုမျိုးနိုင်က ရှင်းပြသည်။

ဦးမျိုးလွင်တွင် ဝဲဘက်နှင့်ယာဘက် မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းနှင့် ပါးစပ်သွေးထွက်ဒဏ်ရာ၊ ဦးခေါင်းအနောက်ဘက် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်နား ဖူးရောင်ညိုမဲ သွေးထွက်ဒဏ်ရာများဖြင့်
ခြင်ထောင်ထဲတွင် သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

ဒေါ်ခင်ရွှေတွင် ယာဘက်နားနှင့် မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများနှင့် မဆုစန္ဒီတွင် နဖူးဖူးရောင်ဒဏ်ရာနှင့် ယာဘက် လက်ဖျံဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ဒေါ်ခင်ရွှေသည် ဦးနှောက်သွေးခဲသွားသည်ဟု ဆရာဝန်များ စစ်ဆေးချက်ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံတင်ပို့ ကုသနေကြောင်း သေဆုံးသူနှင့် ညီတော်စပ်သူ ဦးစိုးခိုင်က ပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ တရားခံပေါ်ပေါက်ရေးအတွက် မြိုင်သာယာနယ်မြေ ရဲစခန်းတွင် (ပ) ၅၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ / ၃၂၅ အရ အမှုဖွင့် ထားရှိကြောင်း မြိုင်သာယာနယ်မြေရဲစခန်း မှတ်တမ်းအရ သိရသည်။

သတင်း-ခေတ်မင်း
ဓာတ်ပုံ-သားကြီး
https://www.facebook.com/hintharmediacorporation/
မြိုင်သာယာရပ်ကွက်တွင် နေအိမ်ပေါ်တက်၍ လူရိုက်သတ်မှုဖြစ်ပွား မြိုင်သာယာရပ်ကွက်တွင် နေအိမ်ပေါ်တက်၍ လူရိုက်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.