ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များနှင့် ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ဇူလိုင် ၆ရက်မှ စတင်ရပ်နား


ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း ရေနစ်မြုပ်နေမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များနှင့် ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ နေ့စဉ်ပြေးဆွဲနေကြသည့် ခရီးသည်တင် ယာဉ်လိုင်းများမှာ ဇူလိုင် ၆ ရက်မှ စတင်ကာ ရပ်နားလိုက်ကြောင်း ခရီးသည်ယာဉ်လိုင်းများထံမှ သိရှိရသည်။

 ရခိုင်ပြည်နယ်တွင် ဇူလိုင်လအစပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ကစ္ဆပနဒီမြစ်၊ လေးမြို့မြစ် နှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တတ်လာသောကြောင့် ရခိုင်ပြည်နယ်ရှိ မြောက်ပိုင်းမြို့နယ်များတွင် ရေကြီးနေကာ ရန်ကုန်-စစ်တွေ ကားလမ်းအပါအ၀င် ရေလမ်းခရီးများလည်း ပိတ်ထားရကြောင်း သိရသည်။
“မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍာကျွန်းမြို့နယ်တွေမှာ ကားလမ်းက ရေလွှမ်းနေပါပြီ။လမ်းကို သေချာ မမြင်ရတော့ပါဘူး။ဒါကြောင့် ဒီနေ့ ကားလိုင်းတွေမထွက်နိုင်တော့ပါဘူး။အန္တရာယ်များလို့ ပြေးဆွဲမှု ရပ်နားလိုက်တာပါ။ လမ်းအခြေအနေ ပြန်ကောင်းရင် ပုံမှန်ပြေးဆွဲသွားမှာပါ။”ဟု ကစ္ဆပခရီးသည်တင် ယာဉ်လိုင်းမှ ဂိတ်မှူး ဦးစံထွေးအောင်က ပြောသည်။

ရန်ကုန်-စစ်တွေကားလမ်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများ အသွားအလာအများဆုံး လမ်းဖြစ်ပြီး ကစ္ဆပ၊ အောင်ပြည့်စုံ၊ အောင်စစ်ခိုင်၊ တိုးရတနာ၊ အကယ်ဒမီ၊ ရွှေပြည်သစ်၊ ရွှေလမင်း၊ နန်းတော်ဝင်စသည့် ခရီးသည်တင်ယာဉ်လိုင်းများမှ နေ့စဉ် ပြေးဆွဲပေးနေကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းပျက်စီးနေမူကြောင့် ခရီးသည်အချို့မှာ ခရီးဆုံးအောင် သွားလာနိုင်ခြင်းမရှိဘဲ သောင်တင် နေသဖြင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဍား ကျွန်းမြို့ နယ်တို့ကြားတွင် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ရေကြီးမှုများကြောင့် မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင် စာသင်ကျောင်းအများစုအား ပိတ်ထားရပြီး ဒေသခံ အများစုမှာ ရေဘေးလွတ်ရာ ဘုန်းတော်ကြီး ကျောင်းများနှင့် တောင်ပေါ်နေရာများသို့ ပြောင်းရွှေ့နေရကာ ကူညီကယ်ဆယ်ရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များနှင့် ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ဇူလိုင် ၆ရက်မှ စတင်ရပ်နား  ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များနှင့် ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ဇူလိုင် ၆ရက်မှ စတင်ရပ်နား Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.