ရခိုင်ပြည်နယ်အစိုးရ ရေဘေး ကူညီရေးစတင်

ရေနစ်မြုပ်မှု ကြုံတွေ့နေရတဲ့ဒေသခံတွေကို ရေဘေးကူညီရေးများလုပ်ဆောင်နေစဉ်။ Photo: Arker Soe
ရခိုင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် ရေဖုံးလွှမ်းမှုဒဏ်ကြုံနေရတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေ က ရေဘေးသင့်ပြည်သူတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ကစပြီး စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးနေပါတယ်။

ရေဘေးဒဏ်ကြုံနေရတဲ့ မြို့နယ်တစ်မြို့နယ်စီကို ဆန်အိတ် ၁၀၀ စီနဲ့ အသုံးအဆောင်ပစ္စည်းတွေ ကူညီပေးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ကျေးရွာ ၁၀ ရွာကျော်လောက် ရေနစ်မြုပ်နေတာဖြစ်ပြီး လူပေါင်း ၁၆၀၀ ကျော်ရေဘေးဒဏ်ကြုံနေရတာဖြစ်ပါတယ်။

အလားတူ မြောက်ဦးမြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာအတော်များများက လူပေါင်း ၃ထောင်လောက် ရေဘေးဒဏ်ကြုံတွေ့နေရပါတယ်။

မြို့နဲ့နီးတဲ့ ကျေးရွာတွေမှာ အရပ်ဖက်အဖွဲ့တွေ မြို့မိမြို့ဖတွေရဲ့ အကူအညီတွေရပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ကျေးရွာတွေက အကူအညီတွေ လိုအပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီနေ့ မိုးနည်းသွားပေမယ့် နေအိမ်တွေက နစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ လိုအပ်တာတွေကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံ တင်ပြအကူ အညီတောင်းနိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်ပြည်နယ်အစိုးရ ရေဘေး ကူညီရေးစတင်  ရခိုင်ပြည်နယ်အစိုးရ ရေဘေး ကူညီရေးစတင် Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.