နိုင်ငံတော်သမ္မတဦးထင်ကျော် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်


အူလန်ဘာတာ ဇူလိုင် ၁၆

(၁၁)ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးနှင့် ပိတ်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် အူလန်ဘာတာမြို့ အေဆမ်ဗီလာ (ASEM Villa) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးထင်ကျော် နှင့် အာရှ - ဥရောပနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြသည်။
သီးသန့်အစည်းအဝေး မစတင်မီ အာရှ - ဥရောပ နိုင်ငံများမှ ခေါင်းဆောင်များသည် အေဆမ်ဗီလာရှိ မွန်ဂိုရိုးရာရွက်ထည်တဲရှေ့၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သီးသန့်အစည်းအဝေးကို “Enhancing the three pillars of ASEM” ခေါင်းစဉ်ဖြင့် ကျင်းပရာ မွန်ဂိုလီးယားနိုင်ငံသမ္မတ အယ်လ်ဘတ်ခ် ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ် က အမှာစကား ပြောကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများက ပါဝင်ဆွေးနွေး ကြသည်။

(၁၁)ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နံနက်(၁၁)နာရီ မိနစ်(၅၀)တွင် ကျင်းပရာ မွန်ဂိုလီးယားနိုင်ငံသမ္မတ အယ်လ်ဘတ်ခ် ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်နှင့် (၁၂)ကြိမ်မြောက် အာရှ - ဥရောပထိပ်သီး အစည်းအဝေးဥက္ကဋ္ဌ ဘယ်ဂျီယံနိုင်ငံမှ ဒုတိယ၀န်ကြီးချုပ် မစ္စတာဒေဒီးယား ၀ါရင်းဒါး (H.E.Mr.DidierReynders)တို့က အမှာစကား ပြောကြားကြသည်။


ယင်းနောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး(အေဆမ်)၏ သတင်းစာ ရှင်းလင်းပွဲကို ဒေသစံတော်ချိန် မွန်းလွဲ(၁)နာရီတွင် ရှန်ဂီလာဟိုတယ် အစည်းအဝေး ခန်းမဆောင်၌ ကျင်းပရာ(၁၁)ကြိမ်မြောက် အေဆမ်အစည်းအဝေး ဥက္ကဋ္ဌ မွန်ဂိုလီးယားနိုင်ငံ သမ္မတ အယ်လ်ဘတ်ခ် ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်၊ ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာ ဒေါ်နယ်တက်စ် (H.E.Mr. Donalld Tusk)၊ နိုင်ငံတော်သမ္မတဦးထင်ကျော်၊ ဆလိုဗက် နိုင်ငံဝန်ကြီးချုပ် မစ္စတာရောဘတ်ဖီကို (H.E.Mr.Robert Fico) နှင့် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမူရေးမက်ခ်ခူလီတို့က ရှင်းလင်းပြောကြားကြပြီး မေးခွန်းများကို ပြန်လည် ဖြေကြား ခဲ့သည်။

အိမ်ရှင်မွန်ဂိုလီးယားသမ္မတက ပြောကြားရာ၌ ဤထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်ပေါင်း ၆၀ ကျော်၊ နိုင်ငံအကြီးအကဲ (၁၁)ဦး အစိုးရအဖွဲ့ ခေါင်းဆောင် (၂၃)ဦးနှင့် နိုင်ငံကိုယ်စားပြု ၀န်ကြီးများ တက်ရောက်ခဲ့ပါကြောင်း၊ ခေါင်းဆောင်များ အချင်းချင်း စိတ်ဝင်စားစရာကောင်းသော ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြ ပါကြောင်း။

ထို့ပြင် စီးပွားရေးဆွေးနွေးပွဲ၊ နိုင်ငံရေးရာဆွေးနွေးပွဲ၊ လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲနှင့် လူငယ်ရေးရာဆိုင်ရာ ဆွေးနွေးပွဲများလည်း ကျင်းပနိုင်ခဲ့ပါကြောင်း၊ မွန်ဂိုလီးယားနိုင်ငံ၏ ငြိမ်းချမ်းသော၊ ယဉ်ကျေးမှုကို ကိုယ်စားပြုသော "Naadam" ယဉ်ကျေးမှုပွဲတော်ကို ဥရောပနှင့် အာရှနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များကို ပြသရသည့် အတွက် များစွာ ကျေနပ်မိပါကြောင်း ပြောကြားခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၁၁)ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး သို့ အာရှဘက်မှ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် အပါအ၀င် ၂၁ ဦး၊ ဥရောပဘက်မှ ၃၁ ဦး ကိုယ်စားပြုတက်ရောက်ခဲ့ပါကြောင်း၊ ထိပ်သီးအစည်းအဝေး၏ ယမန်နေ့ နှင့် ယနေ့တွင် မိမိတို့အနေဖြင့် အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ ပါကြောင်း၊ ၂ ရက်တာ ထိပ်သီးအစည်းအဝေးတွင် တရားဝင်ဆွေးနွေးပွဲများနှင့် တရားဝင် မသတ်မှတ်ထားသော ဆွေးနွေးပွဲများ ပါဝင်ပါကြောင်း။

မျက်နှာစုံညီအစည်းအဝေးတွင် လွန်ခဲ့သော အနှစ် ၂၀ က မိမိတို့ အောင်မြင်မှုရရှိခဲ့ သည် များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး လာမည့် ၁၀ စုနှစ်တွင် မည်ကဲ့သို့ ရှေ့ဆက်သွားမည် ဆိုသည့် စိတ်ကူးအသစ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ ASEM ၏ ပင်မထောက်တိုင် (၃)တိုင်ကို ပိုမိုအားအင်ရှိအောင် ပြုလုပ်သင့်သည်ဟု မိမိတို့အားလုံးခံစားမိခဲ့ကြ ပါကြောင်း။

ဒေသကြီးနှစ်ခုအကြား ဆက်သွယ်ချိတ်ဆက်နေမှုကို ပိုမိုတိုးတက်ကောင်းမွန်အောင် မိမိတို့ အာရုံစူးစိုက်ခဲ့ကြပါကြောင်း၊ ဆက်သွယ်ချိတ်ဆက်နေမှု (connectivity) တွင် မတူကွဲပြားသော အမြင်များ ရှိကြပါကြောင်း၊ ထို့ကြောင့် ကဏ္ဍမျိုးစုံ၌ ရှိနေသည့် တင်းမာသော၊ ပျော့ပြောင်းသော ဆက်သွယ်ချိတ်ဆက်နေမှု နှစ်ခုစလုံးတွင် ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါကြောင်း။

ဒေသကြီးနှစ်ခုစလုံးအတွက် ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်နေသော နယ်ပယ်များကို အမြင်ချင်းဖလှယ်ခဲ့ ပါကြောင်း၊ ထို့အတူ ဒေသကြီးနှစ်ခုစလုံး ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းရမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ကြ ပါကြောင်း၊ ယင်းတို့ထဲတွင် သမာရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ အခက်အခဲများ၊ အထူးသဖြင့် အစွန်းရောက်၊ အကြမ်းဖက်ဝါဒပေါ်ထွက်လာခြင်း၊ တရားဥပဒေစိုးမိုးမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ ပြည့်နှစ်အစီအစဉ်၊ အားလုံးပါဝင်သော ဖွံ့ဖြိုးမှု၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ သဘာဝဘေးဖြစ်ပွားနိုင်မှုကို စီမံဆောင်ရွက်ခြင်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပါကြောင်း၊ မကြာမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု အတွက် ခေါင်းဆောင်များအနေဖြင့် ပြင်သစ်နိုင်ငံအစိုးရ၊ ပြည်သူ များနှင့် အထူးသဖြင့် အကြမ်းဖက်ခံရသူများ၏ မိသားစုများအတွက် ၀မ်းနည်းကြောင်း ဖော်ပြခဲ့ကြပြီး သူတို့ အတွက် ခေါင်းဆောင်များအနေဖြင့် စည်းလုံး ညီညွတ်စွာရှိနေပါသည်ဟု ဖော်ပြခဲ့ကြ ပါကြောင်း။

သေချာသော ရလဒ်များရစေမည့် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် ၂၀ ကို ဆွေးနွေးခဲ့ကြ ပါကြောင်း၊ ထိပ်သီးအစည်းအဝေးအပြင် အခြားနှစ်နိုင်ငံအကြား ဆွေးနွေးပွဲ အတော်များများ ရှိခဲ့ပါကြောင်း၊ တိုင်းပြည်များအနေဖြင့် မိမိတို့ပြည်သူများ၏ အကျိုးစီးပွား ကို မြှင့်တင်နိုင်ရန်နှင့် အချုပ်အခြာအာဏာစိုးမိုးမှုအတွက် တူညီသော အမြင်များ၊ ခြားနား သော ပန်းတိုင်များရှိသည်မှာ သဘာဝကျပါကြောင်း၊ သို့သော် ယင်းအချက်သည် အခက် အခဲတစ်ခု မဖြစ်စေဘဲ မိမိတို့အကြား ကွဲပြားခြားနားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အခွင့်အလမ်းတစ်ခုသာ ဖြစ်သင့်ပါကြောင်း၊ အာရှ-ဥရောပ လက်တွဲဆောင်ရွက် မှုမှတစ်ဆင့် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ဥရောပတိုက်နှင့် အာရှတိုက် ၂ ခုရှိ ပြည်သူများအတွက်သာမက ကမ္ဘာ့ပြည်သူများအတွက်ပါ အကျိုး ရှိစေမည်ဟု မျှော်လင့်ပါ ကြောင်း။

ဤ ၁၁ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပ နိုင်အောင် ဦးဆောင်ခဲ့သည့် အိမ်ရှင်မွန်ဂိုလီးယားနိုင်ငံအတွက် မိမိအနေဖြင့် များစွာ ဂုဏ်ယူ ပါကြောင်း၊ မွန်ဂိုလီးယားနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ် နာဒမ်ရိုးရာအားကစား ပွဲတော်ဆင်နွှဲနိုင်ခဲ့ခြင်းသည် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်ပြီး ယင်းအတွက် အိမ်ရှင် မွန်ဂိုလီးယားအစိုးရကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ် နှစ်လယ်တွင် နေပြည်တော်၌ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm
နိုင်ငံတော်သမ္မတဦးထင်ကျော် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်  နိုင်ငံတော်သမ္မတဦးထင်ကျော် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.