စစ်တွေ၊ ဇူလိုင် ၆
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် မြစ်ရေလွှမ်းနေစဉ် မြို့ပေါ်ရှိ ဝသဲရပ်ကွက်၌ ဇူလိုင်လ ၆ ရက်နေ့က အဘွားအိုတစ်ဦး နေထိုင်သည့် အိမ်တစ်လုံး မီးလောင်သွားကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။
“ဒီကနေ့ညနေ ၄ နာရီလောက်မှာ လောင်သွားတာပါ။ မီးကြွင်းမီးကျန်က လောင်တာဖြစ်ပြီး အိမ်တစ်ဆောင်လုံး မီးလောင်ပျက်စီးသွားပါတယ်။”ဟု မြောက်ဦးမြို့ခံ ဦးဘညွန့် နိရဉ္စရာသို့ ယနေ့ညနေပိုင်းက ပြောသည်။
မီးလောင်ပျက်စီးသွားသည့်အိမ်မှာ ဓနိမိုး၊ ဝါးထရံကာဖြစ်ပြီး ထိုအိမ်တွင် မြေးအဘွားနှစ်ဦးတည်း နေထိုင်ကြကြောင်း သိရသည်။
“အိမ်အောက်မှာ ရေတက်နေတော့ အိမ်ပေါ်တက်နေကြတယ်ပေါ့လေ။ ရာသီဥတုကအေးတော့ အဘွားဖြစ်သူက မနက်ကနေ အိမ်ပေါ်မှာ မီးဖိုပြီး မီးလှုံတယ်။ အဲဒါ မီးကြွင်းမီးကျန်ကြောင့် အခုလိုလောင်သွားတာ”ဟု ဦးဘညွန့်က ဆက်ပြောသည်။
အိမ်ပိုင်ရှင်မြေးအဘွားနှစ်ဦးမှာ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ လက်ရှိတွင် ရပ်ကွက်တွင်းနေအိမ်တစ်ခုတွင် ခိုလှုံနေရသည်ဟုဆိုသည်။
မီးလောင်ချိန်တွင် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းမီးငြိမ်းမှုကြောင့် အဆိုပါနေအိမ် တစ်လုံးတည်းလောင်ကျွမ်းသွားကြောင်း သိရသည်။
ရေလွှမ်းနေသည့်မြောက်ဦးတွင် လက်ရှိ၌ ရေများပြန်ကျနေပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်များမှ ရေဘေးဒုက္ခသည်အများအပြားသည် ဗန္ဓုလရပ်ကွက်ရှိစာသင်ကျောင်းတွင် ခိုလှုံနေကြရကြောင်းလည်း မြို့ခံများက ပြောသည်။
မာန်ယုကျော် (ရွှေဝမြေ)
ဓာတ်ပုံ - မာရယု
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးတွင် ရေလွှမ်းနေစဉ် အဘွားအို နေအိမ် မီးလောင်
Reviewed by THITHTOOLWIN
on
19:54
Rating:
