တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကို ဂုဏ်ပြုလက်ဆောင်ပေးသည့် ထီလက်မှတ်မှ ငွေကျပ်သိန်း ၅၀ ပေါက်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာမှ ၂၀၁၅-၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်သည့် ကျောင်းသားကို ၎င်း၏ ဦးလေးက ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးသည့်ထီလက်မှတ်မှ ငွေကျပ်သိန်း ၅၀ ထီပေါက်ကြောင်း သိရှိရသည်။

 ထီပေါက်ခဲ့သည့်ကျောင်းသားမှာ ကလေးမြို့နယ်၊ရန်မျိုးအောင်ကျေးရွာနေ ဦးမြင့်ပို၊ဒေါ်ခင်နှင်းကြူတို့၏ သား မောင်ပိုင်ဦးဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ဇီဝဗေဒဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သဖြင့် ရာဇဂြိုဟ်ရွာနေ ဦးလေး ဖြစ်သူ ဦးသန်းအောင်က ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဂုဏ်ပြုလက်ဆောင်အဖြစ် ထီလက်မှတ် ပေးခဲ့ခြင်း ဖြစ်သည်။
“ထီပေါက်တယ်ကြားတော့ အရမ်းကိုဝမ်းသာမိတယ်။ ဘယ်လိုပြောရမှန်းမသိဘူး။ ထီပေါက်လို့ရတဲ့ငွေတွေကို သားလေးတက်ချင်တဲ့တက္ကသိုလ်တက်နိုင်အောင် အသုံးပြုပေးမှာပါ။”ဟု မောင်ပိုင်ဦး၏ဖခင် ဦးမြင့်ပိုက ပြောသည်။

 ထီလက်မှတ်မှာမိုးယံရွှေလမင်းနှင့်မြတ်ဆုကဋေထီဆိုင်မှ ဝယ်ယူပေးခဲ့သည့် ၃၃၀ ကြိမ်မြောက် ထီလက်မှတ် ဖြစ်ပြီး ထီပေါက်စဉ်နံပါတ်မှာ ဗ ၁၂၆၄၅၂ ဖြစ်ကြောင်း သိရသည်။
“ငွေဖြစ်ဖြစ် အခြားအသုံးအဆောင်ဖြစ်ဖြစ် ဂုဏ်ပြုလက်ဆောင်ပေးရင် ပျောက်ပျက်သွားမှာပဲ။သူ့ပညာရှေ့ရေး အတွက်သူ့ ကံတရားပေါ့ဆိုပြီး ထီလက်မှတ်တစ်စောင်ပေးခဲ့တာပါ။အခုလို ထီပေါက်တယ်ဆိုတာသိရတော့ ကျုပ်တူလေးပညာရေးအတွက် စိတ်အေးရတယ်။ဝမ်းသာရပါတယ်။”ဟု ဦးလေးဖြစ်သူ ဦးသန်းအောင်က ပြောသည်။

 မောင်ပိုင်ဦးသည် နည်းပညာတက္ကသိုလ်ဆက်တက်ရန် စိတ်ရည်သန်လျက်ရှိကြောင်း၊ မိဘများမှာ တောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်ကြောင်း၊ ထီပေါက်သည့်ငွေများထုတ်ယူပြီးပါက မောင်ပိုင်ဦး၏ ပညာရေးအတွက် ဦးစာပေးအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကို ဂုဏ်ပြုလက်ဆောင်ပေးသည့် ထီလက်မှတ်မှ ငွေကျပ်သိန်း ၅၀ ပေါက်  တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကို ဂုဏ်ပြုလက်ဆောင်ပေးသည့် ထီလက်မှတ်မှ ငွေကျပ်သိန်း ၅၀ ပေါက် Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.