ခန္တီးမြို့ရေနစ်မြုပ်

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ တစ်မြို့လုံး ရေဖုံးလွှမ်းနေတာကြောင့် တပ်မတော်နဲ့ မီးသတ်အဖွဲ့ဝင်တွေ ဇူလိုင်လ ၂၇ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်။ Photo: ခန္တီးစစ်ဗျုဟာမှုးဦးစီး/ Facebook
ချင်းတွင်းမြစ်ရေမြင့်တက်တာကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ တစ်မြို့လုံး ရေဖုံးလွှမ်းနေပြီး ရေဘေး ဒုက္ခသည် တစ်ထောင်နီးပါးကို ဘုန်းကြီးကျောင်းတွေ မှာ ပြောင်းရွှေ့ပေးထားပြီး တပ်မတော်နဲ့ မီးသတ် အဖွဲ့တွေကပါ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေရပါတယ်။

ခန္တီးမှာ တပ်မတော်သားအင်အား ၃၀၀ နီးပါးနဲ့ မီးသတ်တပ်ဖွဲ့တွေက မြစ်ရိုးတလျှောက် တာတွေဖို့တာ၊ ရေဘေးဒုက္ခသည်တွေအတွက် ကူညီကယ် ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ ခန္တီး စစ်ဗျုဟာမှူး(ဦးစီး) ဗိုလ်မှုးကြီး မင်းမင်းစိုးက ပြောပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်အောက်နားမှာ ရှိနေဆဲဖြစ်ပြီး ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်တာကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ ဟင်္သာတ၊ ခန္တီး၊ ကလေးဝ၊ မော်လိုက် စတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်မှာ သတိထားနေထိုင်ကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ကြေညာထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့က ရပ်ကွက်သုံးခုမှာ မြစ်ရေဝင်ရောက်တာကြောင့် လူဦးရေ ငါးရာလောက် နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ဗန်းမော်ခရိုင် ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေးဦးစီးမှူး ဦးဋ္ဌေးမြင့် က ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းအထိ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့နဲ့ ဗန်းမော်မြို့ရဲ့ စိုးရိမ်ရေမှတ် ကိုကျော်လွန်ရောက်ရှိနေပါတယ်။ မြစ်ရေတက်လာတဲ့အတွက် ဗန်းမော် နဲ့ ရွှေကူက စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ချောင်းကမ်းပါးတွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြောင်းခရီးတွေမှာ သတိထားသွားလာကြဖို့ နဲ့ ရေဒီယို သတင်းတွေ နားထောင်ကြဖို့ မိုးလေဝသ နဲ့ ဇလဗေဒဋ္ဌာန က အသိပေးထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ခန္တီးမြို့ရေနစ်မြုပ်  ခန္တီးမြို့ရေနစ်မြုပ် Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.