![]() |
ဓာတ်ပုံ - ဝေဖြိုးလှိုင် |
မုံရွာ-ရွှေဘို ခရိုင်ချင်းဆက်လမ်း မုံရွာ-သာစည်လမ်းပေါ်ရှိ လမ်း(၄)မိုင်ကျော်အား လမ်းမြေ(၆)ပေချဲ့ထွင်ရန် သက်တမ်းရင့်သစ်ပင်ကြီး (၂၀၀) ကျော်ရှင်းလင်းရမည်ဖြစ်ကြောင်း မုံရွာခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။
“ကျွန်တော်တို့က သစ်ပင်မခုတ်ဘဲနဲ့ လမ်းချဲ့ဖို့အဆင်မပြေပါဘူး ၊ ဒေသဖွံ့ဖြိုးရေးအတွက် ရှင်းလင်းတာပါ”ဟု ၄င်းကဆက်ပြောသည်။
အဆိုပါသစ်ပင်များရှင်းလင်းရမည့်(၄)မိုင်အရှည်မှာ မုံရွာပညာရေးကောလိပ် အနီးမှကျောက်စစ်ပုံတောင် ရွာအနီးထိဖြစ်သည်ဟုလမ်းဦးစီးဌာနမှသိရသည်။
ယင်းသို့ သက်တမ်းရင့် အပင်ကြီးများ ရှင်းလင်းမည်ဆိုသည့် အပေါ် ဝေဖန်သူများလည်း ရှိနေသည်။
“ဒီအပင်တွေက အင်္ဂလိပ်လက်ထက်ကိုလိုနီခေတ်ကတည်းကစိုက်ခဲ့တာလို့ ကျွန်တော်တို့ကတော့မခုတ်စေချင်ဘူး၊ကျွန်တော်တို့မမွေးခင်ကတည်းကဒီအပင်တွေကရှိနေတာ”ဟု အက်တောရွာမှ အသက်၆၅နှစ်အရွယ် ဦးကုလားကပြောသည်။
လမ်းချဲ့ထွင်ရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားဆဲဖြစ်ပြီး၊ယခင်အကျယ်(၁၂)ပေရှိရာမှ (၁၈)ပေအဖြစ် ပြောင်းလဲဖောက်လုပ်မည် ဖြစ်ရာ လမ်းနှင့်မလွတ်ကင်းသည့် သစ်ပင်များအားလုံးအား ရှင်းလင်းသွားရမည်ဟု မုံရွာခရိုင်လမ်းဦးစီးဌာနတွင် ယနေ့(ဇူလိုင်လ၆ရက်) ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးကပြောသည်။
''တခြားနိုင်ငံကနယ်မြို့လေးတွေမှာသစ်ပင်တွေကိုရှောင်ပြီးလမ်းဖောက်တာတွေ မြို့ဖွံ့ဖြိုးရေးလုပ်သွားခဲ့တဲ့နမူနာတွေရှိပါတယ်၊သစ်ပင်ကြီးတွေမခုတ်ဘဲတခြားနည်းလမ်းရှာကြည့်သင့်တယ်" ဟု သဘာဝပတ်ဝန်းကျင် အရေးစိတ်ဝင်စားသူမုံရွာမြို့ခံတစ်ဦးကမှတ်ချက်ပြုသည်။
၎င်းလမ်းသည် ရွှေဘိုခရိုင်အထိ သွားနိုင်မည်ဖြစ်ပြီး ပြည်သူလူထုဆန္ဒမရှိပါက လမ်းချဲ့ထွင်မည်မဟုတ်ဘဲ ဇူလိုင်လကုန်အထိ ပြည်သူလူထုအသံ စောင့်ကြည့်သွားမည်ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းကပြောသည်။
ဝေဖြိုးလှိုင်
Monywa Gazette
https://www.facebook.com/chindwingazet
မုံရွာ-ရွှေဘိုလမ်း ချဲ့ရန် သက်တမ်းရင့်အပင်(၂၀၀)ကျော်ရှင်းရမည်ဟုဆို
Reviewed by THITHTOOLWIN
on
16:02
Rating:
