ရန်ကုန် အမေရိကန်သံရုံးဖြစ်ရပ် သံရုံးတောင်းပန်

အမေရိကန်သံရုံး တရားဝင် အမှတ်တံဆိပ်။
ဇူလှိုင် ၂၄ရက်နေ့ ညပိုင်းက အမေရိကန်သံရုံးအတွင်း ပုံမှန်လုံခြုံရေးလေ့ကျင့်မူ အစမ်းလုပ်ဆောင်ရာမှာ ပတ်ဝန်းကျင်ရှိကြသူတွေ အနှောက်အယှက်တစုံတရာဖြစ်ခဲ့တဲ့အပေါ် တောင်းပန်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက ထုတ်ပြန်ပြောဆိုပါတယ်။

“ တနင်္ဂနွေနေ့ ညပိုင်းက ရန်ကုန်အမေရိကန်သံရုံး ပုံမှန်လုံခြုံရေးလေ့ကျင်မှု လုပ်ရာမှာ အမှုမဲ့အမှတ်မဲ့ဖြစ်သွားပြီး လမ်းသွားလမ်းလာတွေနဲ့ သံရုံးအနီးအနားရှိသူများ အနှောက်အယှက် တစုံတရာဖြစ်ခဲ့တဲ့ အပေါ် တောင်းပန်တဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

တနင်္ဂနွေနေ့ ညပိုင်း ၈နာရီဝန်းကျင်က သံရုံးတွင်း ပုံမှန်လုံခြုံရေးလေ့ကျင့်မှု ပြုလုပ်ရာမှာ အသုံးပြုတဲ့ မျက်ရည်ယိုဗုံးငွေ့တွေ ပတ်ဝန်းကျင်ကို ပျံနှံ့ခဲ့ရာမှာ အနီးအနားမှာ စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြတာပါ။

ရန်ကုန်မြို့တွင်းမှာ သတင်းတွေ အမျိုးမျိုးဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လာရောက် ရှင်းလင်းခဲ့ရပါတယ်။ မျက်ရည်ယိုဗုံးကို ပထမဆုံးအကြိမ် သံရုံးတွင်း စမ်းသပ်အသုံးပြုတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပေမယ့်၊ သံရုံးဖက်ကတော့ မျက်ရည်ယိုဗုံးအသုံးပြုမှုနဲ့ပတ်သက်လို့ တစုံတရာ မထုတ်ပြန်ပါဘူး။ ဒီဖြစ်ရပ်မှာ မည်သူတဦးတယောက်မှ ဒဏ်ရာရတာမရှိသလို၊ သံရုံးလုပ်ငန်းတွေ ကိုလည်း နေ့စဉ်အတိုင်း ပုံမှန်ဆောင်ရွက်နေပါတယ်လို့ သံရုံးတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

အခုနှစ် ဧပြီလအကုန်ပိုင်းက အမျိုးသားရေးလှုပ်ရှားသူအချို့က ရန်ကုန် အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တဲ့နောက်၊ သံရုံးအ၀င်မှာ လုံခြုံရေးပိုတင်းကြပ်မှုတွေ ရှိလာပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းနဲ့ပတ်သက်လို့ အမေရိကန်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ မကြာမကြာဖြစ်လေ့ရှိပေမယ့်၊ အချို့ဖြစ်ရပ်တွေမှာ သံရုံး ပရ၀ဏ်အတွင်းအထိ ၀င်ရောက် အကြမ်းဖက်မှုမျိုးတွေလည်း ကြုံခဲ့ရဖူး ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရန်ကုန် အမေရိကန်သံရုံးဖြစ်ရပ် သံရုံးတောင်းပန်  ရန်ကုန် အမေရိကန်သံရုံးဖြစ်ရပ် သံရုံးတောင်းပန် Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.