မိုင်းဖုန်းဆရာတော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဘူတန်ဘုရင်၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးအပ်ဟု သိရ


မိုင်းဖုန်းဆရာတော်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်တွင် ဖူးမြှော်စဉ် ဆရာတော်က ဘူတန်နိုင်ငံဘုရင်ပေးလိုက်သည့် ဝမ်းမြောက်ကြောင်း သ၀ဏ်လွှာကို ပြန်လည်ပေးအပ်လိုက်ကြောင်း ဆရာတော်၏ ကပ္ပိယများထံမှ သိရသည်။

"ဆရာတော်က ဘူတန်ကပြန်လာတော့ ဘူတန်ဘုရင်မင်းမြတ်ပေးလိုက်တဲ့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာကို ပေးသွားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဘူတန်နိုင်ငံမှာ အခုဘုရင်ဖြစ်နေတဲ့ နံပါတ်(၅)ယောက်မြောက် ဘုရင်ကို စာသင်ပေးခဲ့ဖူးတယ်။ ဒါကြောင့် တပည့်ကနေပြီး ဆရာကို ၀မ်းမြောက်ကြောင်း ပေးလိုက်တဲ့ စာပါပဲ"ဟု တာချီလိတ်မှ မိုင်းဖုန်း ဆရာတော်နှင့် အတူပါသွားသော ကပ္ပိယတစ်ဦးက ပြောသည်။


မိုင်းဖုန်းဆရာတော်သည် ဘူတန်နိုင်ငံ သာသနာပြုခရီးစဉ်တွင် ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck မှ ဆရာတော်နှင့် သ၀ဏ်လွှာပါးလိုက်ခြင်းဖြစ်ပြီး ဆရာတော်က ဇူလိုင်လ(၆)ရက်နေ့တွင် တာချီလိတ်သို့ ပြန်လည်ကြွရောက်လာပြီး ဇူလိုင်(၈)ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သ၀ဏ်လွှာ သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck မှာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ဘုရင်အဖြစ် ဆက်ခံခဲ့ခြင်းဖြစ်ပြီး မိုင်းဖုန်းဆရာတော်၏ ဆရာ၊ ဒါယကာအရင်းဖြစ်သဖြင့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရက နှစ်စဉ် ဘူတန်နိုင်ငံသို့ သာသနာပြုခရီးစဉ်အဖြစ် ကြွရောက်လေ့ရှိကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ဘုရားကြီး နေပြည်တော်ကြွရောက်သည့် ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်သို့ ဇူလိုင်(၈)ရက်နေ့ ညပိုင်းက ကြွရောက်ခဲ့ကြောင်း သိရသည်။

သတင်း။ ။ ‪‎ကိုဇက်‬
Tachileik News Agency
http://www.tachileik.net
မိုင်းဖုန်းဆရာတော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဘူတန်ဘုရင်၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးအပ်ဟု သိရ  မိုင်းဖုန်းဆရာတော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဘူတန်ဘုရင်၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးအပ်ဟု သိရ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.