မင်းပြားမြို့နယ် စည်ပင်ကော်မတီဝင် ဦးလှမောင်သန်း စည်ကော်ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်ကာ နှုတ်ထွက်


မင်းပြား (July 24, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ စည်ပင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးလှမောင်သန်းက ယနေ့ (၂၄-၇-၂၀၁၆) မွန်းလွဲ (၂း၀၀) နာရီအချိန်ခန့်တွင် မင်းပြားမြို့ မြို့ရောနယ်ပါ ဓမ္မာရုံကြီးအတွင်း၌ စည်ပင်ကော်မတီ၏ အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းရှင်းလင်းပွဲ ပြုလုပ်ကာ စည်ပင်ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

ပြည်သူတင်မြှောက်ခြင်းကို လက်ခံတာဝန်ယူခဲ့ကာ စည်ပင်ကော်မတီ၏ လုပ်ငန်းတာဝန်များကို လက်တွေ့ဆောင်ရွက်သည့်အခါ အောင်မြင်မှုမရှိသည့်အတွက် မိမိခံယူချက်နှင့် မကိုက်ညီသောကြောင့် ပြည်သူများ၏ ရှေ့မှောက်ချပြကာ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးလှမောင်သန်း က ပြောသည်။

" ကိုယ့်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် လုပ်နိုင်မယ်လို့ ယုံကြည်မိလို့ ပြည်သူတွေ တင်မြှောက်ပေးတဲ့ စည်ပင်ကော်မတီ တာဝန်ကို လက်ခံခဲ့တယ်။ ဒါပေမယ့် လုပ်ငန်းတွေကို တကယ့်လက်တွေ့ အကောင်အထည် ဖော်ဆောင်တဲ့နေရာမှာ စည်ကော်တွေဟာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။ စည်ကော်တွေက ပြည်သူတွေနဲ့ စည်ပင်လုပ်ငန်းတွေကို ကြားက ညှိနှိုင်းဆောင်ရွက်ပေးရတာ။ အခုက ပြည်သူတွေ လိုအပ်ချက်ကို စည်ကော်တွေက ဘာမှ မလုပ်ပေးနိုင်ဘူး။ ရှင်းရှင်းပြောရရင် စည်ကော်တွေဟာ အသုံးမကျဘူးလို့ ကျွန်တော်ခံစားမိတဲ့အတွက် မိမိသဘောနဲ့ ပြည်သူကို ချပြပြီး နှုတ်ထွက်ခဲ့တာပါ" ဟု ဦးလှမောင်သန်း ကဆိုသည်။

မင်းပြား စည်ပင်ကော်မတီ အနေဖြင့် မြို့အတွက်အဓိက လုပ်ဆောင်ရန် လျာထားသည့် မြို့မဈေးကြီး သန့်ရှင်းရေး၊ မြို့အမှိုက်ကင်းစင်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ကျူးကျော်များကို ရှင်းလင်းရေး၊ အသားဈေးနှင့် အလေးချိန်မှန်ကန်ရေး၊ မင်းကန် သန့်ရှင်းရေးနှင့် ကင်းဆိပ်ဈေးသစ်ကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရေးတို့ကို အကောင်အထည် မဖော်ဆောင်နိုင်ခဲ့သည့်အပြင် စည်ပင် ဘက်ဂျက်ရေးဆွဲရာတွင်လည်း စည်ပင်ကော်မတီနှင့် မညှိနှိုင်းဘဲ စည်ပင်မှ သူတို့သဘောနှင့် ရေးဆွဲပြီးမှသာ စည်ကော်ကို အတည်ပြုခိုင်းခြင်း စသည့် အကြောင်းများကြောင့် စည်ပင်ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးလှမောင်သန်း က ရှင်းပြသည်။

ဦးလှမောင်သန်း အနေဖြင့် စည်ပင်ကော်မတီဝင်အဖြစ် (၂၅-၃-၂၀၁၅) ရက်နေ့မှစ၍ ၆ လခန့် တာဝန်ထမ်းဆောင်ပြီးနောက်တွင် မင်းပြားမြို့ မြို့မတောင်ကျောင်း၌ ပြုလုပ်သည့် စည်ပင်၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲတွင် အသားဈေးနှုန်း အလေးချိန်မှန်ကန်ရေးနှင့် ပတ်သက်၍ ပြည်သူ့တင်ပြချက်ကို ဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု အာမခံခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်မပေးနိုင်ခဲ့သည့်အတွက် စည်ပင်ကော်မတီနှင့် အဆက်အသွယ်မလုပ်ဘဲ နေခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မကြာမီက ဖေ့စ်ဘုတ်ပေါ်၌ စည်ပင်ကော်မတီဝင် တစ်ဦးက ဦးလှမောင်သန်းအား စည်ပင်ကော်မတီနှင့် အဆက်အသွယ်လုပ်ရန် ဆက်စပ်ရေးသားသည့် Post ကြောင့် သူ့အနေနှင့် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချကာ ယခုကဲ့သို့ ပြည်သူသိအောင် ရှင်းပြကာ စည်ပင်ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ စည်ပင်ကော်မတီကိစ္စ သတင်းရှင်လင်းပွဲသို့ ANP ပါတီဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မင်းပြားမြို့သူ/သား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကာ ဦးလှမောင်သန်း ၏ တာဝန်မှ နှုတ်ထွက်ခဲ့မှုအပေါ် ပြည်သူတစ်ဦးမှလွဲ၍ ကျန်တက်ရောက်လာသူ အများစုက သဖောတူ လက်ခံခဲ့ကြောင်း သိရသည်။

မင်းပြား - သတင်း
24 . 07 . 2016
Photo: Mitta Bone & Nay Sky
https://www.facebook.com/mongbranews/
မင်းပြားမြို့နယ် စည်ပင်ကော်မတီဝင် ဦးလှမောင်သန်း စည်ကော်ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်ကာ နှုတ်ထွက်  မင်းပြားမြို့နယ် စည်ပင်ကော်မတီဝင် ဦးလှမောင်သန်း စည်ကော်ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်ကာ နှုတ်ထွက် Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.