![]() |
ဓာတ်ပုံ - လှေပေါ်မှခရီးသည်များအား ကယ်ဆယ်လာစဉ် (ဗဂျီးကျော် - FB) |
စစ်တွေမြို့မှ ဖဒူကျေးရွာသို့ ထွက်ခွာသော ခရီးသည်တင်လှေတစ်စီးသည် စစ်တွေမြစ်ထဲတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖဒူကျေးရွာမှ ဦးဦးထွန်းဇံပိုင်ဆိုင်သော ခရီးသည်တင်လှေတစ်စီးသည် ဇူလှိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီခန့်မက စစ်တွေဆိပ်ကမ်းမှ ဖဒူကျေးရွာသို့ ထွက်ခွာစဉ် နံနက်(၁၀)နာရီခွဲခန့်တွင် ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။
“ ကျွန်တော်တို့က လှေခေါင်းမိုးထက်မှာ ရှိတယ်။ လှေမီးလောင်နေတယ်ဆိုတော့ လှေမှာပါလာတဲ့ ရေခဲဘူးတွေကို မြစ်ပြင်ကို ပစ်ချလိုက်တယ်။ ပြီးတော့ ကျွန်တော်လည်း ရေထဲကိုခုန်ချလိုက်ပြီးတော့ ရေခဲဘူးခွံ့ကို ဖက်ထားတယ်။ အနည်းငယ်ကြာတော့ ငါးဖမ်းစက်လှေတွေက ကျွန်တော်တို့ကို ကယ်ဆယ်သွားပါတယ်။ ” ဟု အဆိုပါစက်လှေတွင် စီးနင်းလိုက်ပါခဲ့သော ခရီးသည် ဦးစံရွှေမြင့် က ဆိုသည်။
ယင်းခရီးသည်တင်လှေတွင် လူ(၁၅)ယောက်ခန့် စီးနင်းလိုက်ပါခဲ့ပြီး ကယ်ဆယ်ရေးစက်လှေများက အချိန်မီ ကူညီကယ်ဆယ်ပေးမှုကြောင့် ခရီးသည်များမှာ အသေအပျောက်မရှိကြောင်းလည်း ၎င်းကဆိုသည်။
အဆိုပါခရီးသည်တင်လှေသည် စစ်တွေ-ဖဒူပြေးဆွဲနေသော စက်လှေဖြစ်ပြီး စစ်တွေမြို့သို့ လွန်ခဲ့(၅)ရက်ခန့်ကပင် ရောက်ရှိနေကာ မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့် လှိုင်းလေကြီးမှုကြောင့် ဖဒူကျေးရွာသို့မထွက်ခွာနိုင်ဘဲ ရှိနေကြောင်းသိရပြီး အဆိုပါ လှေမီးလောင်ကျွမ်းမှုကြောင့် ခရီးသည်များ၏ ဆိုင်ဝန်ပစ္စည်းများနှင့် ရေခဲများစွာဆုံးရှုံးခဲ့ရကြောင်းသိရှိရသည်။
Development Media Group
https://www.facebook.com/DevelopmentNJ/
ဖဒူကျေးရွာသို့သွားသည့် ခရီးသည်တင်လှေတစ်စီး မြစ်ထဲတွင် မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
10:24
Rating:
