တနင်္သာရီမြစ်အတွင်း လုပ်ကိုင်နေသည့် တရားမဝင်သတ္ထုတူးဖော်သည့် လုပ်ငန်းများကို အရေးယူသွားမည်


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်နှင့် မေတ္တာမြို့နယ် နယ်စပ်ဒေသ၊ တနင်္သာရီမြစ်ကြောင်း တစ်လျှောက်ရှိ သတ္ထုတူးဖော်ရေး လုပ်ငန်းများမှာ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကပြောသည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၊ ဒုတိယ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ဇူလိုင် ၂၆ ရက် က ကျင်းပခဲ့ရာ တနင်္သာရီမြစ်ကြောင်း တစ်လျှောက်တွင် တရုတ်လူမျိုးများမှ ဂုံးဂလား(ခေါ်) စက်ယန္တရားကြီးများဖြင့် သတ္ထုတူးဖော်ရေး လုပ်ကိုင်လျှက်ရှိနေပြီး အဆိုပါ လုပ်ငန်းများမှာ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော လုပ်ငန်း များဟုတ်၊ မဟုတ် တနင်္သာရီ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား ဦးအောင်သူရ၏ မေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တနင်္သာရီမြစ်ကြောင်း တစ်လျှောက်မှာ ခဲမဖြူ၊ အဖြိုက်နက်၊ ရွှေသတ္တုတွေကို တရားဝင် တိုင်းတာခွင့်၊ စမ်းသပ် ထုတ်လုပ်ခွင့် လုပ်ကွက်တွေ ခွင့်ပြုထားတာ မရှိပါဘူး။ ဒါကြောင့် မြစ်ကြောင်း တစ်လျှောက်မှာ တရားမဝင်သတ္တု တူးဖော်တဲ့လုပ်ငန်းတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဖြေကြားခဲ့သည်။

အမှတ် ၂ သတ္တုတွင်း လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် အချိုးခွဲဝေခံစားသည့် စာချုပ်အရ ထားဝယ်ခရိုင်၊ ထားဝယ် မြို့နယ်အတွင်း သတ္တုတူးဖော်မှု အကြီးစားလုပ်ငန်း ၂ ခု၊ အသေးစား ၇ ခု၊ မေတ္တာမြို့နယ်အတွင်း သတ္တုတူးဖော်မှု အကြီးစားလုပ်ငန်း ၂ ခု၊ အသေးစား ၂ ခုနှင့် ရေဖြူမြို့နယ် အတွင်း သတ္တုတူးဖော်မှု အကြီးစားလုပ်ငန်း ၂ ခု၊ အသေးစား ၄ ခုကိုသာ တရားဝင် ခွင့်ပြုထားကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားဝင် ခွင့်ပြုပေးထားသည့် သတ္တုတူးဖော်ရေး လုပ်ငန်းအရေအတွက်အနေဖြင့် ခဲမဖြူ၊ အဖြိုက်နက်ရောရာ သတ္တုတူးဖော်ရေး အကြီးစားလုပ်ငန်း ၉ ခု၊ သတ္ထုတူးဖော်ရေး အသေးစားလုပ်ငန်း ၂၈ ခုနှင့် အသေးစား ရွှေတူးဖော်ရေးလုပ်ငန်း ၂ ခုသာရှိပြီး ဝန်ကြီးဌာနအနေဖြင့် တနင်္သာရီမြစ်ကြောင်း တစ်လျှောက်တွင် မည့်သည်သတ္တုတူးဖော်ရေး လုပ်ငန်းကိုမှ လုပ်ကိုင်ခွင့် မပြုထားကြောင်း သိရသည်။
“တနင်္သာရီမြိုနယ်နဲ့ မေတ္တာမြို့နယ်၊ နယ်စပ်ဒေသ တနင်္သာရီမြစ်ရိုးတစ်လျှောက်မှာ တရုတ်လူမျိုးတွေက ဂုံးဂ လား ခေါ် စက်ယန္တရားကြီး ၃ စင်းနဲ့ ရွှေတူးနေကြပါတယ်။ ရွှေတူးရာမှာ အသုံးပြုတဲ့ ပြဒါးတွေဟာ မြစ်ရေထဲမှာ ဝင်ရောက်နေတဲ့အတွက် ဒေသခံကျေးရွာတွေ အနေနဲ့ မြစ်ရေကို အသုံးပြုမရ ဖြစ်နေသလို မြစ်ကြောင်းတစ်လျှောက်မှာလည်း ရွှေတူးတဲ့ လုပ်ငန်းကြောင့် သောင်တွေ ဖြစ်ပေါ်နေပါတယ်။ ဒီလုပ်ငန်းတွေက တရားဝင်ခွင့်ပြု ချက်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ဟုတ်၊ မဟုတ် သိချင်ပါတယ်” ဟု တနင်္သာရီမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူရက မေးမြန်းခဲ့သည်။

ထို့အပြင် တရုတ်လူမျိုးများအနေဖြင့် လက်ရှိလုပ်ကိုင်နေသည့် စက်ယန္တရား ၃ စင်းအပြင် အခြား စက်ယန္တရား ၄ စင်းကိုလည်း ထပ်မံတည်ဆောက်လျက်ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူရက တင်ပြခဲ့သည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
တနင်္သာရီမြစ်အတွင်း လုပ်ကိုင်နေသည့် တရားမဝင်သတ္ထုတူးဖော်သည့် လုပ်ငန်းများကို အရေးယူသွားမည်  တနင်္သာရီမြစ်အတွင်း လုပ်ကိုင်နေသည့် တရားမဝင်သတ္ထုတူးဖော်သည့် လုပ်ငန်းများကို အရေးယူသွားမည် Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.