သာကေတမြို့နယ် တိုက်ခန်း တစ်ခန်းအတွင်း အမျိုးသမီး တစ်ဦး အသတ်ခံရ


သာကေတမြို့နယ်အတွင်းဖြစ်ပွားခဲ့သော လူသတ်မှုအား ၁၈ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၅

၎.၇.၂၀၁၆ ရက်နေ့တွင် သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်တွင်ဖြစ်ပွား ခဲ့သည့်လူသတ်မှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားပြီးနောက် ၁၈ နာရီအတွင်း ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအမှုမှာ ယင်းနေ့ ၁၇၀၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်နေ ဒေါ်----သည် နေအိမ်ရှေ့ခန်းတွင် ဦးခေါင်း၌ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မိသားစုများမှတွေ့ရှိခဲ့သဖြင့် ပြစ်မှုကျူလွန်သူအား စုံစမ်းအရေးယူပေးရန် သေဆုံးသူ၏သားဖြစ်သူမှ တိုင်တန်းခဲ့သော အမှုဖြစ် ပါသည်။

အမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ သာကေတမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ အခင်းဖြစ်နေအိမ်နှင့်ကပ်လျက် ဆောက်လက်စတိုက်တွင်နေထိုင်သော အလုပ်သမားဖြစ်သူ အေးချမ်းအောင်မှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းအထောက်အထားများအရ ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းအားစစ်ဆေးချက်အရ အခင်းဖြစ်နေ့ နံနက်ပိုင်းက ဆောက်လက်စတိုက်၏ ပြူတင်းပေါက်မှတစ်ဆင့်တွယ်တက်၍ သေဆုံးသူနေထိုင်သော အခန်း၏ နောက်ဘက်ဝရံတာသို့သွားရောက်ကာ တံမြက်စည်းငှားရမ်းစဉ် စကားများခဲ့ကြောင်း၊ ယင်းသို့စကားများခဲ့သည်ကို မကျေမနပ်ဖြစ်ပြီး ၁၄၀၀ အချိန်ခန့်တွင် သေဆုံးသူ၏အခန်းသို့ ထပ်မံ သွားရောက်ကာ မီးဖိုခန်းအတွင်းရှိဓားဖြင့်ခုတ်ခဲ့ပြီး သေဆုံးသူထံမှ ရွှေလက်စွပ် ၁ ကွင်းနှင့် လက်ကိုင်ဖုန်းတို့အား ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ယင်းသို့ကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၀)ရပ်ကွက်နေ အေးချမ်းအောင်၊ (၁၉)နှစ်အား သာကေတမြို့မရဲစခန်း (ပ)၆၁၃/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂/၃၉၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သာကေတမြို့နယ် တိုက်ခန်း တစ်ခန်းအတွင်း အမျိုးသမီး တစ်ဦး အသတ်ခံရ သာကေတမြို့နယ် တိုက်ခန်း တစ်ခန်းအတွင်း အမျိုးသမီး တစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.