မိုးရွာသွန်းမှုကြောင့် မလှိုင်တွင် ကျေးလက်ဆည်နှစ်ခု ကျိုးပေါက်


မလှိုင် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် တွင် မေ ၃၁ ရက် ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဆည်နှစ်ခု ကျိုးပြတ်သွားပြီး အများသုံးသောက်ရေကန်တစ်ခု ထူးပေါက်သွားခဲ့ကြောင်း သိရသည် ။

မလှိုင်မြို့နယ်တွင် မေ ၃၁ ရက် ညပိုင်းက မိုးရေချိန် ၂ ဒသမ ၀၅ လက်မအထိ ရွာသွန်းခဲ့သဖြင့် အုပ်ဖိုကန်ကျေးရွာအုပ်စုရှိ တောင်ကုန်းဆည် ရေပိုလွှဲနေရာမှ အရှည်ပေ ၁၇၀၊ ထိပ်ပြင်အကျယ်၁၄ ပေ၊ တာပေါင် အမြင့်ပေ ၂၀ ခန့် ကျိုးပြတ်ပါသွားခဲ့သည်။ တောင်ကုန်းဆည်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က ပြုပြင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လယ်မြေဧက ၁၅၀ ကျော်ကို ရေပေးဝေနိုင်ကြောင်း ၊ ယမန်နှစ်က စပါးအောင်ရေရသည်အထိ ရေပေးဝေနိုင်သည့် ဆည်ဖြစ်ကြောင်း သိရသည်။


အဆိုပါနေ့က အုပ်ဖိုကန်ဆည်၏ တာပေါင်တွင်လည်း အရှည်ပေ ၃၀ တစ်ပိုင်းနှင့် အရှည်ပေ ၅၀ တစ်ပိုင်း နှစ်ပိုင်းကျိုးပြတ်ခဲ့သည်။ အုပ်ဖိုကန်ဆည် သည်လည်း လယ်မြေဧက ၂၀၀ကို ရေပေးဝေနိုင်သည့် ဆည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အုပ်ဖိုကန်၊ ကျင်းရွာ၊ တောင်ကုန်း၊ ယာကြီးတော ကျေးရွာများမှ အသုံးပြုနေသော အများသုံးသောက်ရေကန်တစ်ခု ထူးပေါက်သွားခဲ့သဖြင့် ဒေသခံရွာသူရွာသားများ စုပေါင်းပြန်လည်ပိတ်ဆို့ခဲ့ကြသည်။


ဆည်များကျိုးပေါက်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်မင်းသိန်းနှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးရွာသွန်းမှုကြောင့် မလှိုင်တွင် ကျေးလက်ဆည်နှစ်ခု ကျိုးပေါက်  မိုးရွာသွန်းမှုကြောင့် မလှိုင်တွင် ကျေးလက်ဆည်နှစ်ခု ကျိုးပေါက် Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.