ဖျာပုံမြို့က (၈)တန်းကျောင်းသူ မိန်းကလေး(၅)ဦးကို လူကုန်ကူးဖို့ ခေါ်လာတဲ့ အမျိုးသမီးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေ

ဓာတ်ပုံ- ပြင်ဦးလွင်မြို့မရဲစခန်း
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ကနေ မိန်းကလေး(၅)ဦးကို လူကုန်ကူးဖို့ခေါ်လာတဲ့ အမျိုးသမီးကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပြင်ဦးလွင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဝင်းက 5 Plus ကိုပြောပါတယ်။ လူကုန်ကူးခံရတဲ့ မိန်းကလေး(၅)ဦးရဲ့ ပြောပြချက်အရ အဲဒီအမျိုးသမီးဟာ သူ့ရဲ့ နာမည်နဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကို မပေးခဲ့တာကြောင့် အဲဒီအမျိုးသမီးရဲ့ ပုံပန်းသဏ္ဌာန်ကို အနီးစပ်ဆုံးရေးဆွဲပြီး ကားဂိတ်တွေမှာ လိုက်လံစုံစမ်းနေပေမယ့် လက်ရှိအချိန်ထိတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။

 ဖြစ်စဉ်ကတော့ ဖျာပုံမြို့မှာ နေထိုင်တဲ့ (၈)တန်းကျောင်းသူ မိန်းကလေး(၅)ဦးဟာ ဇွန်လ(၂၅)ရက်ညနေပိုင်းက ကျူရှင်ကပြန်လာစဉ် လမ်းမှာတွေ့တဲ့ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ သူတို့ကို တစ်လကိုလစာ(၅)သိန်းရမယ့်အလုပ်အကြောင်း ပြောဆိုကာ စည်းရုံးခဲ့တယ်လို့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေရဲ့ ပြောပြချက်ကို ဒုရဲမှူးကျော်ဝင်းက ပြန်လည်ပြောပြခဲ့ပါတယ်။

 အဲဒီအမျိုးသမီးပြောပြောချင်း မိန်းကလေးတွေဟာ ချက်ချင်းအကြောင်းမပြန်ခဲ့ဘဲ နောက်တစ်နေ့ ဇွန်လ(၂၆)ရက် မနက်(၁၁)နာရီမှ နေအိမ်ကနေ ထွက်လာပြီး အဲဒီအမျိုးသမီးချိန်းတဲ့ ဒလကို လာခဲ့တယ်လို့ ဆိုပါတယ်။ ဒလကတစ်ဆင့် ရန်ကုန်ဘက်ကို စက်လှေနဲ့ကူးပြီး ရန်ကုန်ကတစ်ဆင့် ပြင်ဦးလွင်ကို သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူကုန်ကူးမယ့်အမျိုးသမီးကတော့ မိန်းကလေးတွေနဲ့ အတူမလိုက်ဘဲ ပြင်ဦးလွင်ရောက်မှ ဆုံမယ်ဆိုပြီး သူတို့ကို နယူးမန္တလာထွန်းအဝေးပြေးယာဉ်နဲ့ တင်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 ပြင်ဦးလွင်ကားဂိတ်ရောက်တော့လည်း အဲဒီအမျိုးသမီးကို မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ မိန်းကလေးတွေရဲ့ အုပ်ထိန်းသူတွေကလည်း အဲဒီမိန်းကလေး(၅)ဦး ပျောက်ဆုံးခဲ့တဲ့နေ့မှာပဲ ဖျာပုံမြို့မရဲစခန်းကို အကြောင်းကြားခဲ့ပြီး အဲဒီကမှတစ်ဆင့် သက်ဆိုင်ရာရဲစခန်းတွေကို ကူညီစုံစမ်းရှာဖွေပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။ ဒါကြောင့် ဇွန်လ(၂၇)ရက်မှာ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တွေက ပြင်ဦးလွင်ရပ်ကွက်ကြီး (၁၀) ရာအိမ်မှူးနဲ့အတူ သီရိပဒေသာ ကားကြီးဝင်းက ယာဉ်တွေဆိုက်ရောက်ချိန်ကို လိုက်လံစုံစမ်းခဲ့ရာ မိန်းကလေး(၅)ဦးရဲ့ အမည်စာရင်းကိုတွေ့ရှိခဲ့ရတဲ့အတွက် ရှာဖွေခဲ့ရာ ည(၇)နာရီအချိန်မှာပဲ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)က “စံပြ”ထမင်းဆိုင် အနီးမှာတွေ့ရှိခဲ့ပြီးခေါ်ယူထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

 ဒါကြောင့် ပြင်ဦးလွင်မြို့မရဲစခန်းက မိန်းကလေး(၅)ဦးရဲ့ အုပ်ထိန်းသူတွေကို အကြောင်းကြားခဲ့ပြီး ဇွန်လ(၂၈)ရက်မှာတော့ ပြင်ဦးလွင်မြို့မရဲစခန်းမှာပဲ သက်သေတွေရှေ့ ပြန်လည် အပ်နှံခဲ့တယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews
ဖျာပုံမြို့က (၈)တန်းကျောင်းသူ မိန်းကလေး(၅)ဦးကို လူကုန်ကူးဖို့ ခေါ်လာတဲ့ အမျိုးသမီးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေ   ဖျာပုံမြို့က (၈)တန်းကျောင်းသူ မိန်းကလေး(၅)ဦးကို လူကုန်ကူးဖို့ ခေါ်လာတဲ့ အမျိုးသမီးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေ Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.