လိုင်စင်မဲ့သစ်ထုတ်မှုများ အရေးယူမယ့်သူမရှိ


ဇွန်လ ၂၉ ---

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းပီချောင်းဘက်တွင် လိုင်စင်မဲ့စီးပွားဖြစ် သစ်ထုတ်မှုများကျယ်ပြန့်စွာ လုပ်ကိုင်နေလျှက်ရှိနေပြီး အရေးယူမယ့်သူမရှိကြောင်း ဒေသခံများထံမှ သိရသည်။

“သစ်တွေထုတ်ကြတာမနည်းဘူး။ သစ်ဖြတ်စက်နဲ့ထုတ်ကြတာ။ အရေးယူမယ့်လူလည်းမရှိဘူး။ ဒါကြောင့် ကြိုက်သလိုထုတ်နေကြတယ်” ဟု ဘဲဒုံအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။


ပီချောင်းတစ်လျှောက်တွင် ကညင်သစ်နှင့် အခြားသစ်များ ပေါများပြီး သစ်ဖြတ်စက်များဖြင့် ယခုနှစ်၊ မေလ ကစတင်ကာ အရှိန်အဟုန်မြင့်မြင့် အဟန့်အတားမဲ့ နေ့စဉ်သစ်များထုတ်ယူနေခြင်းအပေါ် မကြာခင်တောတောင်ပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာစေမည်ကို ဒေသခံတစ်ချို့က စိုးရိမ်နေကြလျှက်ရှိကြောင်း သိရသည်။

သစ်ထုတ်လုပ်သူများအနေဖြင့် ဘဲဒုံအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးအား တစ်လ ၇၀၀၀၀ ကျပ်ကိုလည်းကောင်း၊ ဘဲဒုံအုပ်စု သစ်တောတာဝန်ခံအား တစ်လ ၃၀၀၀၀ ကျပ်ကိုလည်းကောင်း ပေးသွင်းရကြောင်း မျက်မြင်သက်သေ ဒေသခံများက ပြောသည်။


သက်ဆိုင်ရာဌါနနှင့် တာဝန်ရှိသူများသို့ အကြောင်းကြားသတင်းပေးသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံတစ်ဦးက ယခုကဲ့သို့ဖုန်းဖြင့် ဆက်သွယ်ပြောပြသည်။ “တာဝန်ရှိသူတွေကိုလည်း ပြောပြတယ်။ သူတို့လည်း သိတယ်။ ဒါပေမဲ့အရေးမယူဘူး။ ဒါကြောင့် သစ်တောတွေပြုန်းတီးသွားမှာကို မလိုလားလို့ အခုလို ဖုန်းဆက်ပြီးပြောပြရတာပါ” ဟု ယင်းကဆိုသည်။

တစ်လထုတ်ယူမှုနှုန်းအနေဖြင့် တန်ချိန် ၁၀တန် မှ ၁၅ တန်ခန့်ရှိမည်ဟုသိရပြီး အဆိုပါသစ်များကို စက်လှေများဖြင့် ရခိုင်ပြည်နယ်ထဲသို့ ရောင်းချရန် သယ်ယူသွားကြခြင်းဖြစ်သည်ဟု ယင်းတို့က ဆိုသည်။

ဘဲဒုံအုပ်စုထဲရှိ ဘဲဒုံ၊ ကန္တီဝ၊ ကြိမ်ချောင်း ရွာ (၃)ရွာအပြင် မီးချောင်းဘက်တွင်လည်း လိုင်စင်မဲ့သစ်ထုတ်ယူမှုများရှိနေကြောင်း လွန်ခဲ့သည့်လများက ဆမီးဒေသလူငယ်ဥက္ကဌ ဦးမောင်လှထံမှ သိရပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အခြားဒေသနေရာအများအပြားတွင်လည်း လိုင်စင်မဲ့စီးပွားဖြစ်သစ်ထုတ်ယူမှုများရှိနေမည်ဟု ယင်းတို့က သုံးသပ်ပြောဆိုခဲ့သည်။

ဓါတ်ပုံ - Credit
Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup/
လိုင်စင်မဲ့သစ်ထုတ်မှုများ အရေးယူမယ့်သူမရှိ  လိုင်စင်မဲ့သစ်ထုတ်မှုများ အရေးယူမယ့်သူမရှိ Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.