အပေါက်ဝ ကျေးရွာတွင် လုယက်မှု ကျူးလွန်သူ ဖမ်းဆီးရမိ

(ဓာတ်ပုံ - ဖမ်းဆီးရမိသည့် ဇော်ကီယာအား တွေ့ရစဉ်) Photo by - Kyaw Hla Myint
စစ်တွေ၊ ဇွန် ၁၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးအား ကိုယ်ထိ လက်ရောက်စော်ကားပြီး ရွှေလက်စွပ် လုယူသူဟု စွပ်စွဲခံထားရသူ ဇော်ကီယာ (၂၅) နှစ်အား ယနေ့ ညနေပိုင်းက ရဲက ဖမ်းဆီးလိုက်သည်။

လုယက်မှု ကျူးလွန်ပြီး ၂ ရက်အကြာတွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း အပေါက်ဝရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဇော်က နိရဉ္စရာကို အတည်ပြုပြောသည်။

“သူ့ကို ဒီကနေ့ ညနေ ၄ နာရီ မိနစ် ၅ဝ လောက်မှာ ကျောက်တော်မြို့က ပိုက်သည် မူဆလင်ရွာက ရေကန်မှာ ပုန်းနေတဲ့ အခါ ဖမ်းဆီးရမိခဲ့ပါတယ်။ အခုတော့ အပေါက်ဝစခန်းမှာ ထိမ်းသိမ်းထားပါတယ်” ဟု ရဲအုပ်ဌေးဇော်က ဆိုသည်။

ဖမ်းဆီးရမိသူသည် အပေါက်ဝကျေးရွာအုပ်စုရှိ ပြားမူဆလင်ရပ်ကွက်တွင်နေသူ ဘင်္ဂလီလူမျိုး ဇော်ကီယာ(၂၅ နှစ်)ဖြစ်ကြောင်း ရဲအုပ် ဇော်ဌေးက ပြောသည်။

သူသည် ဇွန်လ ၁၆ ရက်နေ့ညနေပိုင်းက အပေါက်ဝကျေးရွာ ရန်တား ရပ်ကွက်သစ်တွင်နေထိုင်သော ဦးအောင်လှဇံ၏သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်အား ဆေးတမျိုး အသုံးပြုပြီး ပါးစပ်ကို ပိတ်ပြီး ဆွဲခေါ်စဉ် ၎င်းအမျိုးသမီး ငယ်မှ ပြစ်မှု ကျူးလွန်သူလက်ကို ကိုက်ပြီး အော်ဟစ် အကူအညီ တောင်း သဖြင့် ဇော်ကီယာသည် ထွက်ပြေတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ဇော်ကီယာသည် ထွက်ပြေးစဉ် အမျိုးသမီးငယ် ဝတ်ဆင်ထားသည့် ရွှေလက်စွပ်အား လုယူ သွားခဲ့သည်ဟု သိရသည်။

သူ့အား ယခုအခါ အပေါက်ဝ ရဲစခန်းတွင် လုယက်မှုနှင့်ဆိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းလည်း သိရသည်။

မတော်မတရားပြုကျင့်ရန် ကြံစည်သူ တစ်ဦးကို လုယက်မှုဖြင့် တရားစွဲဆိုသည့် အပေါ် ဒေသခံများက မကျေမနပ် ဝေဖန်ပြောဆိုမှုများ ရှိနေသဖြင့် အပေါက်ဝရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဇော်ကို ဆက်သွယ်မေးမြန်းရာ သူက “ကာယကံရှင် ကိုယ်တိုင်က ရွှေလက်စွပ် လုသွားတာပါလို့ ပြောတဲ့ အတွက် ကျွန်တော်တို့ လုယက်မှုနဲ့ အမှုဖွင့်တာပါ။ လုယက်မှုဆိုတာက မတရားပြုကျင့်ဖို့ ကြံစည်တဲ့ ပုဒ်မထက် မြင့်ပါတယ်။ ပြီးတော့ အခင်းဖြစ်တဲ့နေရာဟာလည်း မတရားပြုကျင့်လို့ရ နိုင်တဲ့နေရာ မဟုတ်ပါဘူး။ လူသူ တွေနဲ့လည်း အနီးလေးပါ” ဟု တုန့်ပြန်ပြောဆိုသည်။

လုယူသွားသည့်ရွှေလက်စွပ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်း နေဆဲဖြစ်ကြောင်း စခန်းမှူးက ဆက်ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara

အပေါက်ဝ ကျေးရွာတွင် လုယက်မှု ကျူးလွန်သူ ဖမ်းဆီးရမိ  အပေါက်ဝ ကျေးရွာတွင် လုယက်မှု ကျူးလွန်သူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.